Skip to main content

စစ်ကိုင်းမှာ ခလရ ၅၇ ကစစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

ဆားလင်းကြီး၊ စက်တင်ဘာ ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အင်အား ၁၈၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကြောင်းကို စက်တင်ဘာလ ၁၉ ရက်မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ ၁၆၀ မမ၊ ၁၂၀ မမ စတဲ့လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စွမ်းက ပြောပါတယ်။

“မနေ့ကည ၅ နာရီခွဲမှာတော့ အချက် ၁၀ ကျော်ပစ်ခတ်ခဲ့ပြီး၊ ဒီမနက် ၅ နာရီခွဲမှာ ၁၂ ချက်ပစ်ခတ်ခဲ့ပါတယ်၊ သူတို့ဘက်ကအထိအခိုက် အကျအဆုံးတော့မသိရသေးပါဘူး၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပြန်ပစ်လို့ ဆုတ်ခွာခဲ့ရတယ်" လို့ ပြောပါတယ်။

အဲ့ဒီစစ်သားတွေဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၅၇ ကဖြစ်ပြီး၊ မနေ့ကတည်းက စတင်မီးရှို့နေတာဖြစ်သလို ဒီကနေ့မနက်ပိုင်း ဆားလင်းကြီမြို့နယ်က ငွေသာရွာကို မီးရှို့နေချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်သားတွေကို မွှေ့တုံကျေးရွာနဲ့ မင်းရွာအကြားမှာ တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ပါသေးတယ်။

#မြေလတ်အသံ

News Video