Skip to main content

ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်နေလို့ ဒေသခံပြည်သူတွေစိုးရိမ် (ရုပ်/သံ)

KD

မြေလတ်အသံ၊ စက်တင်ဘာ ၂၂၊ ၂၀၂၂။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေလို့ ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ယနေ့ စက်တင်ဘာ ၂၂ ရက်နံနက် ၁၁ နာရီမှာ စစ်ကောင်တပ်ဖွဲ့ဝင်တွေက အင်အား ၄၀ နီးပါးနဲ့ ကျုံဒိုးမြို့ပြင်ကနေမြို့တွင်းကို ခြေလျင်စစ်ကြောင်းနဲ့လက်နက်များကိုင်ဆောင်ကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတာဖြစ်လို့ ပစ်ခတ်မှုတွေ ဖြစ်မှာကို စိုးရိမ်နေတယ်လို့ မြို့ခံတဦးက ဆိုပါတယ်။

“စစ်သားတွေက ကော့ဝါလဲဘက်ကနေလာတာဖြစ်မယ် လက်နက်တွေကိုင်ပြီး လမ်းမကြီးဘက်ကို တစ်ယောက်နဲ့တစ်ယောက်ခြားပြီးလာကြတယ်ပြီးတော့ရဲစခန်းဘက်ကိုသွားတယ် ဘာတွေဆက်ဖြစ်မလဲမသိတော့ဘူး ” လို့ သူက မြေလတ်အသံကိုဆိုပါတယ်။

ယမန်နေ့ကလည်း တပ်မ (၅၄၆) တပ်ရင်းက လက်နက်ကြီးတွေနဲ့ ကမ်းနီကျေးရွာဘက်ခြမ်းကို ပစ်ခတ်လို့ ကြောက်လန့်ပြီးနီးစပ်ရာ ကျေးရွာများဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲဒီလိုလက်နက်ကြီးပစ်ခတ်မှုကို ကော့ကရိတ်မြို့နယ်အတွင်းကအမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စကစ တွေက ဘာတွေကိုကြောက်နေမှန်းမသိပါဘူး အားနေရင်လက်နက်ကြီးတွေနဲ့ပဲ လှမ်းလှမ်းပစ်နေတယ်နေ့တိုင်းလိုလိုပါပဲ ညဘက်တွေဆိုကောင်းကင်ပေါ်မှာ မီးအနီစက်လေးတွေမြင်တာနဲ့ Drone ထင်ပြီးလက်နက်တွေနဲ့ပစ်ခတ်ရတာအမော ဘာမှကိုမမြင်ရဲလောက်တဲ့အထိ ကြောက်လန့်နေကြတယ် ” လို့ ဆိုပါတယ်။

#မြေလတ်အသံ

News Video