Skip to main content

ဒီးမော့ဆိုမှာ စစ်ကောင်စီ လက်နက်တိုက် တခုပေါက်ကွဲ (ရုပ်/သံ)

KNDF

ဒီးမော့ဆို၊ စက်တင်ဘာ ၂၂၊ ၂၀၂၂။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး အဆမတန် ပစ်ကူပေးလေ့ရှိတဲ့ ငွေတောင်အခြေစိုက် ၁၀၂ တပ်ရင်းရဲ့ လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့တယ်လို့ KNDF ကတဆင့်သိရပါတယ်။

စက်တင်ဘာ ၂၂ရက်‌ ဒီ‌ကနေ့ နေ့လည် ၁နာရီခွဲက တပ်ထဲမှာ မီးစတင်လောင်ကျွမ်းကာ ပေါက်ကွဲသံတွေကြားရပြီး ညနေ ၄နာရီလောက်မှ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်တိုက်ကတော့ တောက်လျှောက် မီးလောင်လိုက် ပေါက်ကွဲလိုက်ဖြစ်နေတာ အဆင်မပြတ်ဘဲ ညနေပိုင်းထိပဲ၊ တပ်တွင်းမှာဆဲသံတွေ မီးငြိမ်းဖို့အော်တာတွေကြားနေရတယ်”လို့ KNDFတာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က မီးငြိမ်းသတ်ရန်ကြိုးစားပေမယ့် နယ်မြေခံကာကွယ်ရေးအဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးတွေသုံးကာ တပ်တွင်းကိုထပ်မံပစ်ခတ်ခဲ့လို့ မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ ညနေထိမီးလောင်ပေါက်ကွဲခဲ့ကာ တပ်သားတွေထဲကပဲ ရှို့တဲ့မီးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒေသခံတချို့ကလည်း အမှတ် ၁၀၂ တပ်ရင်းက CDM ပြုလုပ်ပြီး လက်နက်တိုက်နဲ့စခန်းကိုမီးရှို့နေတယ်လို့ ပြောဆိုတာတွေရှိပေမယ့် တပ်တွင်းထိခိုက်သေဆုံးမှု အခြေနေနဲ့ အသေးစိတ်ကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

#မြေလတ်အသံ

News Video