Skip to main content

ဟိုင်း  ဖိုးသကြား သံညှပ်ကြီးရောက်ပါပြီဗျား

ဆူးရနံ့

#သရော်စာ

မြေလတ်အသံ၊ စက်တင်ဘာ ၂၄၊ ၂၀၂၂။

         `` ဟေ့လူ  ကိုဘုန်း ဘာတွေများကုန်းရုန်းပြီးဖတ်နေတာလဲဗျ´´
ကျုပ်က အထက်ပါအတိုင်းနူတ်ဆက်စကားဆိုရင်း၊ ကိုဘုန်း၏လက်ဖက်ရည်ကြမ်းစားပွဲသို့ ဝင်ထိုင်လိုက်လေ၏။ ကိုဘုန်းကလက်ဖက်ရည်ကြမ်းတခွက်ငှဲ့ပေးရင်း သူဖတ်လက်စစာရွက်ကို ထိုးပေးချေ၏။

" အံမယ် ကိုရွှေဘုန်းက မြန်မာ့ကျောင်းသီချင်းတွေ ဘာတွေကျက်နေတာကိုးဗျ။ ဘာလဲကျောင်းဆရာလျှောက်မလို့လား" ဟု ခနဲ့တဲ့တဲ့စကားဆိုမိချေ၏။ ထိုအခါကိုဘုန်းက 

" မဟုတ်ရပါဘူး စာရေးသူကြီးရာ။ စာသင်ကျောင်းတွေအနားရောက်တဲ့အခါ၊ ကျောင်းတက်ခါနီး 
ကျောင်းသူ ကျောင်းသားလေးတွေ ဆိုဆိုနေတာ ဘာမှန်းမသိလို့ဗျို့၊ လိုင်းပေါ်ကရှာပြီးဖတ်ကြည့်နေတာ"

"အေးဗျ ကိုဘုန်း။ ကျုပ်လည်းစကားလုံးတွေ နားမလည်တာအမှန်ပဲဗျို့။ မြန်မာ့ကျောင်းသားနိူင်ငံတော်တွင် ထင်လင်းရှိရမည်။ စည်းကမ်းသေဝပ်ခြင်းအရင်းပြုသည်။ ဝီရိယလည်းရှိရမည်၊ ကိုယ်ကျင့်တရားဧကန်မှန်ပေသည်။ အများရှုစရာသနားဂရုဏာတရားမှုမှာပိုပါသည်။ ယဥ်ယဥ်ကျေးကျေးလွန်သိမ်မွေ့ကြသည်။ ပညာတိုးတက်စေမည်၊ နိူင်ငံတန်ခိုးထွက်စေမည်။ တို့အမျိုးဇာနည်ပီပါပေသည်။ မြန်မာ့ကျောင်းက ပညာရေး ကျန်းမာရေးညီ"

ကျုပ်လည်း ကိုဘုန်းကူးယူထားသော သီချင်းစာရွက်ကို အသံထွက်၍ဖတ်နေမိချေ၏။ ကိုဘုန်းသည်ကား ဇာတ်လိုက်မင်းသားတယောက်လို၊ တွေတွေကြီးကြည့်ရင်းနားထောင်နေလေ၏။ ပြီးမှသက်ပြင်းတချက်ချရင်း

" မြန်မာ့ကျောင်းသား နိုင်ငံတော်တွင်ထင်လင်းရှိရမည်ဆိုပါလား စာရေးသူကြီးရေ့။ စကားမစပ် တလောကသတင်းထဲမှာ တွေ့လိုက်ပါ့ရော။ မအလ ကြီးကသူ့မြေး ၄ ယောက်ကို အစိုးရကျောင်းမှာမထားပဲ၊ မအလ  မိသားစုပိုင်ကိုယ်ပိုင်ကျောင်းမှာထားတယ်ဆိုတာလေ။ သတင်းမီဒီယာတခုကသိရှိဖော်ထုတ်လိုက်လို့တောင်မှ လုံခြုံရေးကိုအထူးတိုးမြှင့်ချထားတယ်ဆိုတာကိုး။ မအလ မြေးတွေမလာခင်တခါ၊ ပြန်ခါနီးတခါ မိုင်းတွေဘာတွေရှာသေးတာဆိုပဲ။ ကိုယ်တိုင်ကအသိဟောက်တောက်ကန်း လူရမ်းကားဆိုတော့ လူတွေကိုသူလိုပဲထင်ပုံပေါ့ဗျာ"

ဟုတ်ပ ကိုဘုန်းရေ။အခု ဒီရက်ပိုင်းထဲ စိတ်မချမ်းမြေ့ဖွယ် သတင်းဆိုးကြီးရောသိပြီးလောက်ရောပေါ့။

" သိပြီးပါပကောလား စာရေးသူကြီးရယ်။ ဒီပဲယင်းက လက်ယက်ကုန်းရွာကလေးက မူလတန်းကျောင်းအကြောင်းလေ။ မူလတန်းကျောင်းဆိုမှတော့ သိတဲ့အတိုင်းကလေးလေးတွေပါဗျာ။ အဲဒါကို ရဟတ်ယဥ်နဲ့ကိုတိုခိုက်ကြသတဲ့လေ။ အသေအကြေဒါဏ်ရာတွေရတဲ့ကြားမှာ သေနတ်တကားကားနဲ့ ဆွဲလွဲပြီးဖမ်းသွားကြတာလည်း အခုထိသေလားရှင်လားမသိရဘူးဆိုပဲဗျို့၊ ဖေ့စ်ဘုတ်စာမျက်ပေါ်က စုတ်ပြတ်နေတဲ့ကျောပိုးအိတ်ကလေးတွေ၊ သွေးစွန်းနေတဲ့ Grade..1 စာအုပ်ကလေးတွေမြင်ရတာ ရင်ထဲတကယ်နာရပါတယ်ဗျာ"

" EMPS ဆိုတဲ့ ကိုယ်တိုင်ဖွင့်ထားတဲ့ ကိုယ်ပိုင်ကျောင်းက မအလနဲ့အပေါင်းအပါတစ်စုရဲ့သားသမီးမြေးမြစ်တွေလိုပဲ၊ လက်ယက်ကုန်းရွာ ကလေးကမူလတန်းကျောင်းသားလေးတွေမှာလဲ အသက်တွေရှိပါတယ်လေ။ ရှိတာမှ အသက်တချောင်းတည်းပါပဲဗျာ။ အဲသဟာကိုဗျာ မအလရဲ့စခတွေဟာရက်ရက်စက်စက်" မိတ်ဆွေကြီးကိုဘုန်းသည်ကားပြောရင်းပင် အသံတွေတိမ်ဝင်သွားသည်ကောလေ။

" ဒီမယ်စာရေးသူကြီးရဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးကလည်း အီစွတ်ပုံပြင်တစ်ပုဒ်လိုထင်ပါရဲ့လေ။ တခါတုန်းက လူတယောက်ဟာ အိမ်မှာခိုင်းစေဖို့အတွက်လူတယောက်ရှာလာသတဲ့လေ။ သူရှာလာတဲ့လူဟာ မည်းမည်းတူးတူးဆိုတော့ ခေါ်လာတဲ့သူကစဥ်းစားတာပေါ့။ ဒီကောင်လေးဟာမွဲရှာလွန်းလို့ ရေမိုးမချိုးနိူင်၊ ချေးမတွန်းနိုင်တာဖြစ်မယ်ပေါ့။ အိမ်လည်းရောက်ရော ရှေ့ကရောက်နှင့်ပြီးသားအခိုင်းအစေတွေကိုခေါပြီး၊ သူခေါ်လာတဲ့ကောင်လေးကို ဖြူဖြူစင်ဖြစ်လာသည်ထိရေချိုးပေး၊ ချေးတွန်းပေးဆိုပြီးခိုင်းတာပေါ့။ အခိုင်းအစေတွေကလည်းဘာမှ အထွန့်တက်မနေရဲတော့သူ့သခင်ခိုင်းသလို လုပ်ကြတာပေါ့လေ။နောက်ဆုံးတော့ အသားဖြူမလာပဲအအေးမိပြီးသေရောတဲ့လေ။ ခက်ပုံများ သခင်ဆိုတဲ့ကောင်ကကပ္ပလီလူမျိုးကိုတခါမှ မမြင်ဘူးဘူးတဲ့လေ။ အခုလည်း မောင်ကုလကြီးက ရေချိုးပေးရင်ဖြူမယ်ချည်းထင်နေတုန်းပဲ မအလကြီးကို"

ဒီတခါတော့ဖြင့်ကျုပ်ရောကိုဘုန်းပါ ပုံပြင်ကိုမရီမိကြဘူးလေ။

"စာရေးသူကြီးရေ။ဒီ မအလ တို့အာဏာကြောင်အဆက်ဆက်က ဗြောင်လိမ်တဲ့နေရာမတော့ အာဂတွေချည်းပဲနော။ အခု လက်ယက်ကုန်းရွာက မူလတန်းကျောင်းဖြစ်စဥ်ကိုလည်း ဗြောင်လိမ်နေတာပဲ။ ခုအချိန် သကြားမင်းလူ့ပြည်ဆင်းပြီး အမှုစစ်ရင်တောင်၊ ဒီကောင်တွေဗြောင်လိမ်တဲ့အထဲ မြောသွားမလားမဆိုနိူင်ဘူးရယ်ဗျ။"

"အေးဗျ ကိုဘုန်းရ  ခင်ဗျားပြောမှဖတ်ဖူးတဲ့ပုံပြင်တပုဒ်သတိရမိတယ်။ တခါတုန်းက ပုဂံပြည်မှာ တိုင်းပြည်အပေါ် တရားမျှတစွာ အုပ်ချုပ်တဲ့ဘုရင်တပါးရှိသတဲ့ဗျ။ သူ့နာမည်က ဓမ္မာဆိုပဲ။ အဲဒီဘုရင်ရဲ့ အရှိန်အဝါကြောင့်သကြားမင်းရဲ့ ဗိဗ္မန်တောင်ငလျင်လှုပ်ဆိုပဲ။ သကြားမင်းလည်းဘာလားဟဆိုပြီးရှိုးလိုက်တော့ ပုဂံက ဓမ္မာကိုတွေ့သွားတာပေါ့။ သကြားမင်းလည်းလေးစားပြီး ဓမ္မာဘုရင်ကို တခုခုပံ့ပိုးဦးမှဆိုပြီး၊ တရားရုံးမှာသုံးဖို့ရာ သစ္စာ သံညှပ်ကြီးလက်ဆောင်ပေးသတဲ့လေ။ 

သံညှပ်ကြီးက လိမ်ညာထွက်ဆိုရင်အော်တိုညှပ်ပြီးသားပေါ့လေ။ အဲဒီပုဂံမှာ အဂ္ဂိရတ်ဖိုထိုးတဲ့ဖိုးသူတော်ကြီးတယောက်ရှိသပေါ့ဗျာ။ သူ့ကိုကြည်ညိုပြီးထောက်ပံ့ပေးတဲ့ အဖွားရီးတစ်ယောက်က၊ တနေ့တော့ သူပိုင်ဆိုင်တဲ့ ရွှေ ၁ ပိဿာကို ဖိုးသူတော်ကြီးကိုအပ်ထားသတဲ့လေ။ တခါသားမတော့ အဖွားရီးရဲ့သားသမီးတွေက အမွေတောင်းကြတာပေါ့။ အဖွားရီးကလည်းအေးပေးတာပေါ့ဆိုပြီး ဖိုးသူတော်ကြီးကို အကျိုးအကြောင်းရှင်းပြပြီး အပ်ထားတဲ့ရွှေတွေပြန်ပေးဖို့တောင်းတာပေါ့။ အဲဒီမှာ ဖိုးသူတော်ကြီးက သောက်ခွက်ပြောင်ပြီး၊ ဘယ်တုန်းကအပ်ထားလို့လဲဘာညာလုပ်တော့တာကိုး။ နောက်ဆုံးသစ္စာသံညှပ်တရားရုံးရောက်ရောဆိုပါတော့ ကိုဘုန်းရာ။ 

သံညှပ်ကြီးထဲ အဖွားရီးဝင်စေဆိုပြီးအဖွားရီးဝင်တယ်၊ သံညှပ်ကအေးဆေးပဲလေ။ ဖိုးသူတော်ကြီးအလှည့်ရောက်တော့၊ မယ်တော်ကြီးရယ် ကျုပ်တသက်လုံးသစ္စာသမာဓိနဲ့ နေလာတာဗျာ၊ ခုမှရုံးရောက်ဂါတ်ရောက်ဖြစ်ရတယ်၊ အေ့လေ မယ်တော်ရီးကျေနပ်အောင်သံညှပ်ကြီးနဲ့ ဆုံးဖြတ်ပေးပါ့မယ်။ ရော့ သူတော့်တောင်ဝှေးကြီးယူထားပေးဦးဆိုပြီး သံညှပ်ထဲဝင်သွားတာပေါ့။ သံညှပ်ကြီးကအေးဆေးပဲ။ ဖိုးသူတော်က မယ်တော်ကြီးကျေနပ်ပြီလား၊ ကဲ သူတော့်တောင်ဝှေးပေးပါတော့ဆိုပြီး ထွက်သွားရောလေ။ 

သကြားမင်းလည်းသူ့ဘုံသိမ့်ကနဲတုန်သွားလို့ ရှိုးလိုက်တဲ့အခါဖိုးသူတော်ဗြောင်လိမ်သွားတာ တွေ့လိုက်ရတာကိုး။ ဖိုးသူတော်လိမ်ပုံက အဖွားကြီးရွှေတွေကိုအချောင်းလုပ်ပြီး တောင်ဝှေးအံဝှက်မှာထည့်ထားတာလေ။ သစ္စာဆိုပြီးသံညှပ်ထဲဝင်ခါနီးတော့ အဖွားရီးကိုတောင်ဝှေးပေးလိုက်ရော၊ ဒီတော့ အဖွားရီးပစ္စည်းကအဖွားရီးဆီမှာဆိုတော့ကာ သံညှပ်မျက်စိလည်သွားတော့တာပေါ့။ သကြားမင်းလည်း ဒီဖိုးသူတော်လို ကလိမ်ကကျစ်ဗြောင်လိမ်ဗြောင်စားကောင်တွေ များလာရင်ငါလိုသကြားမင်းတောင် နာမည်ပျက်ရချည့်ဆိုပြီး သံညှပ်ကြီးပြန်သိမ်းသွားတာ ဒီနေ့ထိဆိုပဲကိုဘုန်းရေ"

အေးဗျာ စာရေးသူကြီးရေ။အခု လက်ယက်ကုန်းက မူလတန်းကျောင်းကိုရဟတ်ယဥ်နဲ့ ပစ်ခတ်တဲ့ဖြစ်စဥ်ကတော့၊ မအလတို့အတွက် မိုးလိုက်လို့ရွာတာလို့ယူဆရတာပဲဗျာ။ သံညှပ်ကြီးလည်းပြန်ရောက်လာပြီထင်တာပဲဗျို့။

ဆူးရနံ့
#မြေလတ်အသံ

News Image
ဆူးရနံ့