Skip to main content

ရွာဦးက မိုဃ်းနတ်ကျောင်း (ရွာအပြန်-၈)

P

မြေလတ်အသံ၊ စက်တင်ဘာ၄၊ ၂၀၂၂။

ကိုရင်လေးတပါး ရောက်လာတယ်။ "ဒေါ်ကြီးလှ...ဒကာကြီး ဦးခင်မောင်သန်းကို ဘုန်းကြီးက ကျောင်းကိုလာခဲ့ပါဦးလို့ အခေါ်ခိုင်းလိုက်လို့ဗျ"တဲ့။ ဒါနဲ့ ရွာဦးမှာရှိတဲ့ မိုဃ်းနတ်ကျောင်းကို ထွက်လာခဲ့တယ်။ ကျုပ်တို့ရွာမှာ ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိတယ်။ ကျန်တဲ့တကျောင်းက ရွာ့ရဲ့အနောက်တောင်ထောင့် သင်္ချိုင်းအနီးမှာရှိတဲ့ ရွှေသိမ်တော်ကျောင်း။ ရွာတရွာမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိနေတယ်ဆိုရင် ရွာနှစ်ပိုင်းကွဲနေတတ်လေ့ရှိတယ်။ ဆည်းကပ်တဲ့ ဒကာ၊ ဒကာမတွေက ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြလို့လား မပြောတတ်။ ကျုပ်တို့ရွာမှာတော့ ရွာအရှေ့ပိုင်းက မိုဃ်းနတ်ကျောင်း၊ ရွာအနောက်ပိုင်းက ရွှေသိမ်တော်ကျောင်းကို အဝင်အထွက်များကြပေမဲ့ နှစ်ပိုင်းတော့ကွဲမနေပါဘူး။ နီးရာကျောင်းသွားကြတဲ့ သဘောပါပဲ။ ပြီးတော့ ကျောင်းထိုင်ဘုန်းကြီးနှစ်ပါးစလုံးက ဒီရွာသားတွေချည်းဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

                 အဆောက်အဦကြည့်ပြီးပြောရရင်တော့ ရွှေသိမ်တော်ကျောင်းက ရှေးပိုကျနေမလားမပြောတတ်ဘူး။ လှေခါးကအုတ်လှေခါးကြီး။ ဘုရားဆောင်မှာ ဘုံခုနစ်ဆင့်ရှိတဲ့ပြဿာဒ်နဲ့။ အလယ်ဆောင်၊ အနောက်ဆောင်မှာ လည်ပေါ် သုံးဆင့်၊ နှစ်ဆင့်နဲ့။ "လည်ပေါ်"ဆိုတာ အမိုးကို ထပ်ဆင့်ပြုလုပ်ထားတဲ့သဘောပါ။ ထပ်ဆင့်ထားတဲ့နေရာမှာ ကွာဟနေတော့ လေမလုံ၊ မိုးပက်နိုင်တာပေါ့လေ။ ဒီတော့ လေမိုးလုံအောင် သစ်သားတွေနဲ့ပိတ်ထားတယ်။ ပိတ်ထားတဲ့နေရာက ဝိုက်ဝိုက်လေး။ လူရဲ့လည်ပင်းနဲ့တူလို့ လည်ပေါ်ခေါ်ကြဟန်တူပါရဲ့။ ကျောင်းတိုင်တွေကလည်း လုံးပတ်တိုင်ကြီးတွေ။ မိုဃ်းနတ်ကျောင်းကတော့ ဦးသုမနလက်ထက်ကျမှ ပြန်လည်တည်ဆောက်ထားတယ်လို့ ဆိုတယ်။ ကျောင်းတိုင်တွေကတော့ လုံးပတ်တိုင်တွေပါပဲ။ ဒါပေမဲ့ ရွှေသိမ်တော် ကျောင်းတိုင်လောက် မကြီးဘူး။ လည်ပေါ်ကလည်း တဆင့်ပဲရှိပါတယ်။ 

                 ကျုပ်က ဦးသုမနရဲ့ ဘုန်းကြီးကျောင်းသား လုပ်ခဲ့ဖူးသေးတယ်။ ကျောင်းအိပ်ကျောင်းစား ကျောင်းသားတော့မဟုတ်ပါဘူး။ အသုဘ၊ အလှူအတန်း၊ ဘုရားပွဲရှိတဲ့အချိန်တွေမှာသာ သွားပြီး ကျောင်းသားလုပ်တဲ့သဘောပါပဲ။ အချိန်ပိုင်းကျောင်းသားပေါ့လေ။ အသုဘမှာတော့ ဆန်နဲ့ဝတ္ထုငွေ။ ပိုက်ဆံကို ဘုန်းကြီးတွေက ဝတ္ထုလို့ခေါ်တယ်။ အလှူအတန်းမှာတော့ ငှက်ပျောနှစ်ဖီး၊ သင်္ကန်းနဲ့ ဝတ္ထုငွေပါကပ်ကြတယ်။ အဲဒါတွေကို ရေစက်ချပြီးရင် "နဘန်းကွင်းတောင်း"ထဲထည့်ထမ်းပြီး ကျောင်းကိုပို့ပေးရတယ်။ "နဘန်းကွင်းတောင်း"ဆိုတာ နှီးနဲ့ရက်လုပ်ထားတာပါ။ အထက်ပိုင်း နဘန်းအနားသတ်မှာ ဆွဲလို့ရအောင် ကွင်းလေး ဟိုဘက်၊ ဒီဘက် ပြုလုပ်ထားတယ်။ ဒါကြောင့် "နဘန်းကွင်းတောင်း"လို့ ခေါ်ဟန်တူပါရဲ့။ အဲဒီတောင်းကို ဘုန်းကြီးကျောင်းတွေမှာသာ အသုံးပြုလေ့ရှိတယ်။ လူနေအိမ်တွေမှာ သုံးလေ့သုံးထမရှိဘူး။ နှီးနဲ့ရက်လုပ်ထားတော့ ကြာရှည်လည်း မခံဘူးလေ။ ဒါကြောင့်လည်း မသုံးကြဟန်တူပါရဲ့။ 

               ဘုရားပွဲမှာတော့ သပိတ်ထည့်ဖို့တောင်းတတောင်း၊ မုန့်ထည့်ဖို့ တောင်းတတောင်းဆိုတော့ တောင်းနှစ်လုံး လိုအပ်တယ်။ ဘုရားပွဲက ဆွမ်းနဲ့ဆွမ်းဟင်းလောင်းလှူတဲ့အပြင် မုန့်ပဲသရေစာလည်း လောင်းလှူကြတယ်။ ကျောင်းသားတယောက်တည်းဆို တံပိုးတဖက်တချက် တောင်းချိတ်ပြီး ထမ်းရတယ်။ နှစ်ယောက်ဆို တောင်းတွေကို အလယ်စုထားပြီး ရှေ့နောက် ထမ်းကြရတယ်။ ဘုရားပွဲဆိုရင် ကျောင်းကနေ ထမင်းလည်းစားရတယ်။ မုန့်လည်းရတယ်။ အလှူအတန်းနဲ့ အသုဘတွေဆိုရင်တော့ ဘုန်းကြီးက ငှက်ပျောသီး၊ ဒါမှမဟုတ် ငွေတကျပ်၊ ငါးမူးစွန့်တတ်တယ်။ ပိုက်ဆံရရင် ပျော်နေတတ်တာ သတိရမိပါသေး။ အခုရော ဘုန်းကြီးကျောင်းသားတွေ ရှိသေးလား။ ရှိနေဦးမှာပါ။ 

              မိုဃ်းနတ်ကျောင်းက ရွာနဲ့ ထိစပ်မနေဘူး။ တခေါ်လောက် ခြားနေသေးတယ်။ "တခေါ်"ဆိုတာ ခေါ်လိုက်တဲ့ပုံမှန်အသံ ကြားနိုင်လောက်တဲ့အကွာအဝေးကို ပြောတာပါ။ ဘောလုံးကွင်းအလျားလောက်ရှိမှာပေါ့။ ဘုန်းကြီးကျောင်းနဲ့သက်ဆိုင်တဲ့ အခမ်းအနားရှိရင် ကျင်းပဖို့ ထားရှိတဲ့ကွက်လပ်ပေါ့။ တန်ဆောင်မုန်းလပြည်ဘုရားပွဲ၊ ပွဲလမ်းသဘင်ပါရင် အဲဒီကွင်းထဲမှာ ပြုလုပ်တယ်။ ဦးသုမနပျံလွန်တော်မူတုန်းကလည်း အဲဒီကွင်းမှာ ဇာတ်တွေ၊ အငြိမ့်တွေ၊ စံကျောင်း၊ လောင်တိုက်တွေနဲ့ အကြီးအကျယ်ကျင်းပပြလုပ်ခဲ့တာ။ ခုတော့ ဘုန်းကြီးပျံဆိုတာ မရှိသလောက်ကိုဖြစ်သွားပြီ။ မလိုအပ်လို့ ဇာမချဲ့ကြတော့တာလား။ ငွေကုန်ကြေးကျ မခံနိုင်တော့လား မပြောတတ်။

              မိုဃ်းနတ်ကျောင်းက သိမ်နဲ့၊ ဘုရားနဲ့၊ တံခွန်တိုင်နဲ့ ကျောင်းအင်္ဂါရပ်နဲ့အညီရှိတဲ့ကျောင်းပါ။ ဟိုစဉ်ကတော့ သံဃာရာချီရှိတဲ့ စာသင်တိုက်ကြီးအဖြစ် တည်ရှိခဲ့တာပါတဲ့။ ဒါကြောင့် ကျုပ်တို့ငယ်စဉ်အခါက ကျောင်းဝင်းထဲမှာ "ကင်းမွတ်ဆံ"လေးတွေ တွေ့ရတတ်တယ်။ မတွေ့လည်း ရှာဖွေတတ်ကြတယ်။ "ကင်းမွတ်ဆံ"ဆိုတာ ရှေးတုန်းက ကျုပ်တို့တွေ ကျောက်တံနဲ့ ကျောက်သင်ပုန်းပေါ်စာရေးသလို စာရေးဖို့အသုံးပြုခဲ့တာတဲ့။ သစ်သားသင်ပုန်းပေါ် ဆေးနက်သုတ်ပြီး ကင်းမွတ်ဆံနဲ့ရေးကြတာ။ မိုဃ်းနတ်ကျောင်းက စာသင်တိုက်ကြီးဖြစ်တာနဲ့အညီ ကျောင်းပိုင်လယ်ယာမြေတွေကလည်း ဧကရာချီရှိခဲ့တာတဲ့။ ခင်မွန်ကွင်း၊ ကြေးမုံကွင်းတို့ဘက်မှာလည်း ကျောင်းပိုင်မြေတွေက လက်ညိုးထိုးမလွဲဆိုပဲ။ 

               ကြည်ညိုကြတဲ့သူတွေက စာသင်တိုက် ရေရှည်တည်တံ့နိုင်ဖို့အတွက် မြေတွေ လှူဒါန်းကြသတဲ့။ ခုခေတ် ငွေပဒေသာပင်စိုက်ထူကြတဲ့သဘောပ။ ဒီလိုနဲ့ ကျောင်းမြေတွေ ဧကရာချီရှိလာတာ။ ဘယ်ကလာ ရဟန်းတွေကိုယ်တိုင်တော့ လုပ်ကိုင်နေပါ့မလဲ။ ရင်းနီးရာ၊ နီးစပ်ရာ၊ ယုံကြည်ရာတွေကို "မြေစု၊ မြေအနှီး"ချပြီး လုပ်ကိုင်စေတာပေါ့။ မြေစုဆိုတာက ထွက်ရှိတဲ့သီးနှံကို သုံးပုံပုံပြီး မြေရှင်ကို တပုံပေးသွင်းရတာကို ပြောတာ။ ဆိုပါစို့။ ကုလားပဲစိုက်ပျိုးတယ်။ တင်း ၃၀ ထွက်တယ်ဆိုရင် မြေရှင်ကို ၁၀ တင်းပေးရတယ်။ ထွန်ယက်ခ၊ မျိုးဖိုး၊ ရိတ်သိမ်းခတွေကို မြေစုယူသူက စိုက်ထုတ်ရတယ်။ မြေရှင်က သုံးပုံတစ်ပုံကို မြေငှားရမ်းခအဖြစ် ယူလိုက်တဲ့သဘော။ 

                မြေအနှီးချတာကတော့ စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်အထိ တနှစ်ကိုသီးနှံဖြစ်စေ၊ သိုမဟုတ် ငွေကြေးဖြစ်စေ ဘယ်ရွေ့ဘယ်မျှ ရယူမယ်၊ ပေးသွင်းမယ်ဆိုပြီး သဘောတူ လုပ်ပိုင်ခွင့်ပေးလိုက်တာကိုပြောတာ။ စာချုပ်မရှိပါဘူး။ နှုတ်ကတိပါပဲ။ အဲဒီမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ မ.ဆ.လ အစိုးရလက်ထက်မှာတော့ လယ်လုပ်သူ၊ ယာလုပ်သူတွေ လယ်ပိုင်စေ၊ ယာပိုင်စေဆိုတဲ့ မူဝါဒတွေ ချမှတ်လိုက်တယ်။ အဲဒီမှာ ဘာသာရေး အင်မတန်ယုံကြည်ကိုးကွယ်တဲ့ လူအနည်းငယ်နဲ့ ရွာကလူတချို့ကသာ မြေစု၊ မြေအနှီးပေးကြတော့တယ်။ တချို့ကွင်းက လူအများစုက မပေးကြတော့ဘူး။ ခုတော့ ဘုန်းကြီးအဆက်ဆက်ပြောင်းလဲလာတဲ့အလျှောက် ကျောင်းမြေတွေ လုံးဝဆုံးရှုံးသွားကြတော့တယ်။ အချို့က အခါကြီးရက်ကြီးတွေလောက်သာ ဆွမ်းချိုင့်ပို့ကြတော့ဟန်တူပါရဲ့။

                  ကျောင်းဝင်းက မုခ်ဦး၊ အုတ်တံတိုင်းတွေနဲ့တောင် ဖြစ်နေပြီပဲ။ ဟိုစဉ်ကတော့ စည်းရိုးသာရှိခဲ့တာလေ။ ရွာတရွာရဲ့စီးပွားရေးအခြေအနေကိုသိချင်ရင် အဲဒီရွာရဲ့ ဘုန်းကြီးကျောင်းကို လေ့လာအကဲခတ်ကြည့်ရတယ်လို့ အဆိုရှိတယ်။ အဲဒီအဆိုအတိုင်းဆိုရင်တော့ ကျုပ်တို့ရွာရဲ့စီးပွားရေးအခြေအနေ ကောင်းမွန်တယ်လို့ဆိုရမှာပေါ့။ ကျောင်းဝင်းအတွင်းမှာတော့ ဟိုစဉ်ကအတိုင်း ဧရာမ မကျည်းပင်၊ ဧရာမ တမာပင်တွေနဲ့ အရိပ်အာဝါသတွေ အုံ့ဆိုင်းလို့။ မန်ကျည်း၊ တမာ၊ ထနောင်း၊ ထန်းတွေက ကျုပ်တို့အညာရဲ့ သရုပ်၊ အလှတရားပါပဲ။ 

                  ဘုန်းကြီးကို ကျောင်းကြီးအောက်က စားပွဲ၊ တန်းလျားတွေရှိတဲ့နေရာမှာ အရန်သင့်တွေ့ရတယ်။ ကျောင်းထိုင်ဖြစ်လို့သာ ဘုန်းကြီးလို့ခေါ်ရတာပါ။ ဝါတော်က ၁၀ ဝါကျော်ကျော် အသက်သုံးဆယ်ကျော်လောက် ရှိဦးမှာပါ။ ကျုပ်တို့နဲရွယ်တူ သူငယ်ချင်းမောင်ညွန့်ရဲ့ သားပေါ့။ မောင်ညွန့်တောင် ကွယ်လွန်သွားရှာတာလေး၊ ငါးနှစ်ရှိရော့မယ်။ ရှင်ပြု၊ ရှင်သာမဏေဝတ်ပြီး မြဲမြံသွားတဲ့ "ငယ်ဖြူ"ပါ။ အိမ်ထောင်ရက်သားကျပြီးမှ သင်္ကန်းစည်းသွားရင်တော့ " တောထွက်"လို့ခေါ်ကြတယ်။ အသက် ၂၀ ပြည့်ရင် ကိုရင်ကနေ ပဥ္စင်းအဖြစ် တက်ရောက်နိုင်တယ်။ အသက် ၂၀မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့အရွယ်လို့ သတ်မှတ်တဲ့သဘောပါ။ တချို့က ပဋိသန္ဓေနေတဲ့ကိုးလကိုထည့်တွက်ပြီး ၁၉နှစ်နဲ့ ၃လရှိတာနဲ့ ပဥ္စခံနိုင်တယ်လို့ဆိုပါတယ်။ ကျောင်းထိုင်မဖြစ်သေးတဲ့အချိန်အထိ ဦးပဥ္စင်းလို့ ခေါ်ဝေါ်ကြပေမဲ့ ကျောင်းထိုင်ဖြစ်ရင် ဘုန်းကြီးလို့ ခေါ်ဝေါ်ကြရတယ်။ ဝါတော် ၁၀ဝါ၊ ပဥ္စင်းသက် ၁၀နှစ်ပြည့်မှ ကျောင်းထိုင်ခွင့်ရှိတယ်။ ဦးဆောင်နိုင်တဲ့အရွယ်ရောက်ပြီလို့ သတ်မှတ်တဲ့သဘောပါပဲ။ 

                  "ကျုပ်က ခင်ဗျားတို့ ရန်ကုန်အခြေအနေကိုသိချင်လို့ အခေါ်ခိုင်းလိုက်တာပါဗျာ"တဲ့။ ဘုန်းကြီးတွေလည်း တရားဘာဝနာနဲ့ အေးအေးချမ်းချမ်း မနေနိုင်ရှာပါလား။ မနေနိုင်ဆို နေ့နေ့ညည စစ်သားတွေ ရွာထဲဝင်လာပြီဆိုတာနဲ့ ကလေးတွေနဲ့ မိန်းမတွေက ဘုန်းကြီးကျောင်းကို ရောက်လာတတ်ကြတယ်။ ဘုန်းကြီးကျောင်းက ရွာထဲမှာထက်စာရင် လုံခြုံတယ်ထင်မှတ်ထားကြတာကိုး။ 

ဒါတောင် ကျုပ်တိုရွာအခြေအနေက မြောက်ဘက်တလွှား အရာတော်၊ ခင်ဦး၊ ရေဦးနဲ့ ဒီပဲယင်းနယ်တွေလောက် အခြေအနေမဆိုးလှဘူး။ အဲဒီနယ်ဘက် ရွာတွေမှာ မီးရှို့ခံရရင် အဖမ်းခံရ၊ ပစ်သတ်ခံရ။ တိုင်းတပါးသားဂျပန်တွေထက်တာင် ဆိုးဝါးရက်စက်နေကြသတဲ့။ ဘုန်းကြီးကျောင်းတွေပါမကျန် မီးရှို့ခံနေရတာလေ။ ဒါကြောင့်လည်း နာကျည်းစိတ်၊ ခံပြင်းစိတ်တွေနဲ့ အဆုံးစွန်ထိ တော်လှန်တိုက်ခိုက်သွားမယ်လို့ ပိုင်းဖြတ်ထားကြတာပေါ့။ 

              ရန်ကုန်ကလူငယ်တွေလည်း စွန့်စား၊ လှုပ်ရှား၊ ဆန့်ကျင်နေကြတာပါပဲ။ ဒါပေမဲ့ ရန်ကုန်ဆိုတာ ရွာလိုမဟုတ်ဘူးလေ။ သူ့ ကိုယ်မသိ၊ ကိုယ့် သူမသိမဟုတ်လား။ ဒီတော့ ယုံကြည်စိတ်ချရတဲ့သူတွေနဲ့သာ သူ့အစုနဲ့သူ သိုသိုသိပ်သိပ် ဆောင်ရွက်နေကြရတယ်။ ဆန္ဒထုတ်ဖော်မှုတွေကတော့ နေ့စဉ်ရက်ဆက်ရှိနေဆဲပါ။ ဒီဘက်က လွှမ်းခြုံနိုင်တဲ့အနေအထားရောက်ရင်တော့ ပွင့်လင်းပြီးစုစည်းမိသွားကြလိမ့်မယ်လို့ ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ ဦးတည်ရည်မှန်းချက်ချင်းက တူညီနေကြတာကိုး။ 

           အဲဒီမှာ တုံးခေါက်သံက မြည်ဟိန်းထွက်လာတယ်။ ဆွမ်းခံကြွတော့မယ်။ ရွာထဲကလူတွေ ဆွမ်းကွမ်းလောင်းလှူဖို့ အသင့်ပြင်ထားကြပေရော့လို့ အသိပေးလိုက်တဲ့သဘောပါပဲ။ ကိုရင်တွေလည်းသပိတ်ပြင်ကြ၊ သင်္ကန်းရုံကြ။ ကျောင်းသားတွေကလည်း ဆွမ်းဟင်းဗျပ်တွေထမ်းကြ။ ဘုန်းကြီးလည်း "မပြန်ခင်လာခဲ့ပါဦးဗျာ"လို့ပြောရင်း သင်္ကန်းရုံနေလေရဲ့။ ခုချိန်ထိတော့ကျုပ်တို့ရွာလေးမှာ ကျေးလက်အငွေအသက်တွေ စွန်းထင်းနေဆဲလေ။

ချမ်းငြိမ်းရာ
#မြေလတ်အသံ

News Image
P