Skip to main content

နိုင်ငံဖြတ်ကျော်စစ်ရှောင်ရတဲ့ ခွေးသားအုပ်မလေးရွှေရွှေ

စစ်ရှောင်

#ရသစာတမ်း

 

မြေလတ်အသံ၊ အောက်တိုဘာ ၊ ၂၀၂၂။

 

မိုးတွေရွာနေတဲ့ စနေတရက်ပေါ့။ နယ်စပ်ဖြတ်ကျော်စစ်ဘေးရှောင်ရတဲ့ ခွေးသားအုပ်မလေးရွှေရွှေဟာ မီးဖွားရှာပါတယ်။ ၉ ကောင်မွေးခဲ့ပေမယ့် ၅ ကောင်သေဆုံးလျှက်မွေးခဲ့ပါတယ်။ နောက်နှစ်ရက်မှာလည်း အညှပ်ဆုံးဖြစ်တဲ့ အဖြူရောင်အမွေးတွေနဲ့တကောင်ဟာ ထပ်မံသေဆုံးသွားခဲ့ပြန်ပါတယ်။ အဲဒီလိုနဲ့ ခွေးကလေး ၃ ကောင်သာကျန်ရှာပါတယ်။ ရွှေရွှေဟာ သားထိန်းညံ့တဲ့ ခွေးသားအုပ်မလေးပါပဲ။

 

ကျနော့်နေအိမ်ကို ရွှေရွှေရောက်ပြီးလအတန်ကြာ စက်တင်ဘာရဲ့မိုးရေစက်တွေအောက်မှာပဲ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ပြန်ရေတွက်ကြည့်မယ်ဆိုရင်တော့ ရွှေရွှေနိုင်ငံရပ်ခြားကိုရောက်ခဲ့တာ ၁၀ လပြည့်ခဲ့တဲ့အချိန် လို့လည်းပြောနိုင်ပါတယ်။

 

ဒါဟာ မြန်မာနိုင်ငံနယ်စပ်ကိုဖြတ်ကျော်အပြီး နိုင်ငံရပ်ခြားကနယ်မြို့လေးမှာနေထိုင်ရင်း ဒုတိယအကြိမ်မီးဖွားခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းထဲက လွယ်ပိုးလာခဲ့ရတဲ့ဗိုက်ကိုတော့ နယ်စပ်မြို့လေးကို ရောက်ပြီးသိပ်မကြာခင် ရက်မှာပဲမွေးခဲ့ရပါတယ်။ လူတွေလိုဆိုရင်တော့ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ တိုက်ပွဲထဲ ပြေးခဲ့ရတာပါ။ သွေးလန့်မသွားတာကိုပဲ ကံကောင်းလှချည့်လို့ တွေးမိရတယ်။

 

နိုင်ငံရပ်ခြားမှာ တရားမဝင်နေကြတဲ့အခါ လူမပြောနဲ့ ခွေးတိရိစ္ဆာန်တောင်မှ အနေကျပ်လို့ ရွှေရွှေရဲ့ သခင်တွေဟာ သူတို့အခန်းလေးမှာ ခေါ်ထားဖို့ မဖြစ်နိုင်တော့တဲ့အဆုံး ခွေးမွေးခွင့်ပေးတဲ့ နေရာတခုမှာ ရွှေရွှေ ကိုပြောင်းရွေ့ပေးခဲ့ရပါတယ်။ နိုင်ငံရပ်ခြားက အချို့သောအိမ်တွေနဲ့ နိုင်ငံသားတွေက အိမ်မွေးတိရိစ္ဆာန်မွေးခွင့်ကို မပေးသလို ကန့်သတ်ချက်မျိုးစုံထားပါတယ်။

 

တခြား တနေရာကိုရွေ့ပြောင်းပေးရတဲ့ နေ့ကတော့ သူ့မူလသခင်တွေဟာ အတော်ငိုရှာပါတယ်။ တိုက်ပွဲဖြစ်လို့ ကျည်ဆန်တွေ ဗုံးဆန်တွေကြားထဲမှာတောင် မထားရစ်ခဲ့ပဲ အပါခေါ်လာခဲ့တဲ့ သားသမီးလို့ ဖြစ်နေရှာတာကို။ အဲဒီကတည်းက ရွှေရွှေဟာအတည်တကျနေထိုင်ခြင်းသိပ်မရှိဘဲ သူမွေးထားတဲ့ ကလေးတွေလည်း ဘယ်ဆီရောက်လို့ ရောက်မှန်းမသိတဲ့ နိုင်ငံမဲ့ ပိုင်ရှင်မဲ့ရှာတဲ့ ခွေးသားအုပ်မလေးပေါ့။

 

ခွေးသားအုပ်မလေးရွှေရွှေ အိမ်ကိုရောက်ခါစက လောလောလတ်လတ် သားဖွားထားတဲ့ မီးနေသယ် မိခင်တဦးအဖြစ်နဲ့ပါ။ သို့ပေသည့် ရွှေရွှေဟာ ခွေးသားအုပ်မတို့ထုံးစံအတိုင်း သားသမီးတွေ ဘယ်ရောက်သွားတယ်ဆိုတာ သူမသိရှာဘူး။ သူကိုယ်တိုင်လည်း ဘယ်ရောက်နေတယ်ဆို မသိရှာပါဘူး။

 

ကဗျာဆရာမောင်ချောနွယ်ရဲ့ ဂျုုံးနီကဗျာကို မကြာခဏရွတ်ခဲ့တဲ့နောက်ပိုင်းမှာ "ချစ်ခြင်းမေတ္တာဆိုတာ ဖုန်မှု့န်ထဲက မုန့်ကလေးပါလား လို့ ငါမသိခဲ့ဘူး" ဆိုတဲ့ စာကြောင်းဟာ ကျနော့်နားထဲမှာ စွဲထင်ကြားယောင်နေပါတော့တယ်။ လူသားနဲ့ တိရိစ္ဆာကြားက ဆက်နွယ်ပတ်သက်မှုတွေဟာ အဆိုးအကောင်း များစွာနဲ့ အဖြစ်အပျက်များစွာပါ။ ကမ္ဘာကျော်ဖြစ်ရပ်တွေရှိခဲ့ဖူးသလို လူမသိသူမသိ ဖြစ်ရပ်များစွာလည်း ရှိခဲ့ပါရဲ့။

 

ရွှေရွှေဟာလည်း အဲလို လူမသိသူမသိဖြစ်စဉ်များစွာထဲက လူသားနဲ့ တိရိစ္ဆာန်ဆက်နွယ်မှုတခုပါပဲ။ ဒီထက်ပိုတာကတော့ ချစ်ခြင်းမေတ္တာဇာတ်လမ်းလေးတပုဒ်၊ ဒီထက်ပိုပြောရရင် အာဏာရှင်လူတစုရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် စစ်ဘေးရှောင်ရတဲ့ခွေးတကောင်ရဲ့ နိုင်ငံဖြတ်ကျော်သွားရတဲ့ ဇာတ်လမ်းတပုဒ်ပေါ့။

 

ကျနော်က ရွှေရွှေရဲ့ ဘယ်နှစ်ယောက်မြောက် သခင်လည်းဆိုတာ ခန့်မှန်းလို့မရအောင်ပါပဲ။ သူရဲ့ ဒုတိယမြောက် သခင်တွေကတော့ လူငယ်လင်မယားနှစ်ယောက်ဆိုပေမယ့် ခွေးအတော်ချစ်အတော် သံယောဇဉ်ထားတယ်လို့ ဆိုရမယ်။ ဘယ်လောက်ထိချစ်လဲဆို ဝမ်းနဲ့လွယ်မွေးထားရတဲ့ ကလေးတယောက်လိုကို အတူအိပ်အတူနေ အတူသွားခဲ့ကြတာပေါ့။ နောက်ဆုံး အသက်ဘေးလုစစ်ရှောင်ကြတဲ့အချိန်မှာတောင် မထားနိုင်ခဲ့ပဲ အပါခေါ်လာတဲ့အထိပါပဲ။

 

ရွှေရွှေက မြဝတီမြို့နယ်ထဲက ထီးမယ်ဝါးခီးဆိုတဲ့ ရွာကလေးက စတင်ခဲ့တယ်ဆိုတယ်။ လူငယ်ဇနီးမောင်နှံဆီကိုရောက်တော့ ငါးလအရွယ် ပိန်လှီဖျော့တော့ပါးလျစွာနဲ့ ကြောက်နေချိန်ပဲ။ မူလသခင်က အလွန်အကျွံရိုက်နှက်လို့ ကြောက်လန့်ပြီးရောက်လာခဲ့တယ် ဆိုတယ်။

 

အဲဒီအချိန်ကစလို့ ရွှေရွှေကမ္ဘာဟာ ခွေးတလုံးသူတလုံးလိုဆိုရအောင် ခွေးမွေးပြောင်ခဲ့ရတယ်ဆိုရမယ်။ သူမရဲ့အပျှော်ဆုံးနေတွေလို့ ဆိုရမလားပဲ။ သူမအနဲ့ တခြား နိုင်ငံခြားမျိုးစပ်ခွေးကလေး လည်း အဲပိုင်ရှင်လင်မယားတွေက မွေးထားလို့ ရွှေရွှေဟာ မနာလိုတောင်ဖြစ်ရဲ့ဆိုပဲ။ ပေါ်ပီဆိုတဲ ပစ်ပူးစပ်ခွေးကလေးကို တယုတယချစ်နေတဲ့အခါ သူက သိပ်မကြိုက်ဘူး ပေါ်ပီကို အိမ်ပေါ်တက်ခွင့်ပေးရင် သူကလည်း တက်ချင်ရှာတယ်။ ရွှေရွှေအကြောင်းကို လူငယ်လင်မယားက ကျနော်ကို့ပြောပြကြတဲ့အခါ ကျနော် ခံစားနားလည်စွာပဲကြည်နူးနားစိုက်ထောင်မိပါတယ်။

 

ဒီလိုရွှေရွှေရဲ့အကျင့်စရိုက်ကို ကျနော်ကိုယ်တိုင်မွေးထားတဲ့အခါမှ လက်ခံလိုက်ရတယ်။ အိမ်က သားငယ်ကလေးနဲ့တောင် သူကအပြိုင်ဆိုးချင်နွဲ့ချင်တာရယ်။ အပြင်ကများပြန်လာရင် သူကသာအရင် လှေခါးထိပ်ကနေ ကန့်လန့်ခံပြီးပွတ်သပ်ခိုင်းတယ်။ ပြီးမှ ကိုယ့်ကလေးကိုချီရတယ်။ အဲလိုမဟုတ်ဘဲ သူကိုကျော်ပြီး သားငယ်ကိုချီမိရင် လှေကားထိပ်ကနေ စောင့်စောင့်ကြီးထိုင်ငူငူကြီးလုပ်နေတော့တာ။ အတိုင်အတောကလည်း သိပ်ထူပဲ သူမစားရတာ သူ့ကိုဆူတာများဆို အသံပေါင်းစုံနဲ့ တိုင်တော့တာပဲ။ သူကိုဆူရင်လည်း အိမ်ကြားထဲ ခေါင်းဝှက်ပုန်းတတ်ပါသေးတယ်။

 

တကယ်တော့ ရွှေရွှေဟာသူနားမလည်တဲ့ ကမ္ဘာကြီးမှာ အဆိုးအကောင်းတွေကိုကျော်ြဖတ်ခဲ့ရတယ်။ သူတင်မဟုတ်ပါဘူး ကျနော်တို့လည်းနားမလည်ခဲ့တဲ့ အခြေအနေအချိန်အခါတွေဟာ ခပ်မြန်မြန်ပဲရောက်လာခဲ့တာပဲ။ ငြိမ်းချမ်းရေးအမှတ်သင်္ကေတမြို့သစ်လို့ခေါ်တဲ့ လေးကေကော် ရဲ့ ဒီဇင်ဘာ တိုက်ပွဲတွေကြားတဲ့ စစ်ရှောင်တွေနဲ့အတူ တိုးချည်ဆုတ်ချည်နဲ့ ကူးသန်းရွေ့လာခဲ့ရတယ်။

 

အတွေ့ကြုံရှိပြီးသား ဒေသခံတိုင်းရင်းသားတွေတောင် မှန်းဆတွက်ချက်ဖို့ ခက်ခဲ့တဲ့ စစ်ဘေးမှာ ထိတ်လန့်ဖွယ်ရာ ဗုံးသံသေနတ်သံတွေကြား လူသားတွေနဲ့တန်းတူ လိုက်ပါလာခဲ့ပုံက ပြန်ကြားရတိုင်း စစ်ပွဲရုပ်ရှင်တကားကို ကြည့်နေရသလိုပါပဲ။ စစ်အာဏာရှင်ဆိုတာက လူသား တိရိစ္ဆာကိုမဆိုထားနဲ့ သက်မဲ့ အရာဝတ္တုပစ္စည်းတွေကိုတောင် ဖျက်စီးမီးရှို့ သေးတာပဲ။ မဲမဲမြင်ရာပစ်ခတ်ဖမ်းဆီး အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ရိက္ခာအဖြစ် သတ်ဖြတ်စားသောက်ခဲ့ကြတာမနည်းမနောပါ။ ဒါကို ကျနော် မျက်ဝါးဝါးထင်ထင်ကိုယ်တွေ့ကြုံထားရတယ်လေ။

 

စက်တင်ဘာလရဲ့ နှောင်းမိုးတွေက နယ်စပ်မြို့လေးမှာ ရက်ဆက်ဆိုသလို ရွာနေဆဲ။ အေးစက်တဲ့ပတ်ဝန်းကျင် အထိအတွေ့တွေကို ရွှေရွှေတို့သားအမိတွေလည်း ခံစားနေရမယ်ဆိုတာ ကျနော်သိနေတယ်။ ညညဆို သူ့သားသမီးလေး ၃ ကောင်က တအီအီနဲ့ညီးနေရှာတာကို အိပ်မရတဲ့ညတွေမှာ ကျနော် ကြားနေမိတယ်။

 

ခွေးပေါက်ကလေး ၃ ကောင်နဲ့ ရက်အနည်းငယ်ကြာလာတဲ့အချိန်မှာပဲ သီတင်းကျွတ်ကာလကို ရောက်လာခဲ့ပြန်ပါတယ်။ ကျနော့်နေတဲ့ရပ်ကွက်လေးထဲက ကလေးငယ်တွေကလည်း မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေကိုဖောက်ရင်းဆော့ကြတယ်။ ရွှေရွှေဟာ ကျနော်တို့အိမ်ရဲ့သူကို တက်ခွင့်တားမြစ်ထားတဲ့ အိမ်ပေါ်ထိကို တက်လာပြီး ဝပ်နေရှာပါတယ်။ ဘယ်လိုမောင်းမောင်းပြန်မဆင်းပါဘူး။ မာန်လည်းမရပါဘူး။ တုန်နေရှာတယ်။

 

နောက်မှ ကျနော်သဘောပေါက်လိုက်တာက ဗျောက်အိုးသံကို သူအတော်ကြောက်နေတာပါ။ အသိဉာဏ်နည်းပါးတယ်လို့ ဆိုတဲ့ တိရိစ္ဆာန်တကောင်တောင်မှ တိုက်ပွဲကြားကပြေးလွှားလာရတဲ့ အတွေ့အကြုံနဲ့ ဗုံးသံတွေကို ကြောက်စရာ မလုံခြုံစရာ အားကိုးရှာရမယ့်အနေအထားဆိုတာကို သူကိုယ့်စွဲမြဲသွားစေတယ်။ ကျနော့်စိတ်ထဲနင့်သွားပါတယ်။

 

သူကိုတက်ဖို့တားမြစ်ထားတဲ့ နေရာကို သူတက်ခဲ့တာ အဲဒီအခါနဲ့ဆို နှစ်ကြိမ်ပေါ့။ ပထမအကြိမ်ကတော့ သူ သားမွေးတုန်းက ပထမဆုံးထွက်ကျလာတဲ့ ခွေးပေါက်ကလေးကို ချီပြီး အလန့်တကြားနဲ့ သွေးရူးသွေးတန်းတက်လာတာပါ။ ကျနော့်ကိုလာပြရင်း သူ့ကိုမွေးဖို့နေရာပြင်ခိုင်းတာပေါ့။ မိုးရေထဲမှာပဲ ကျနော် မီးနေခန်းလုပ်ပြီး မွေးခိုင်းမှပဲ သူစိတ်ချလက်ချမွေးရှာပါတယ်။ အခုတော့ ခွေးကလေးတွေလည်း ရပ်ဖို့အတွက် တွေလာပြီ သူကိုတက်ခွင့်တားမြစ်ထားတဲ့နေရာကိုလည်း သူဆက်မတက်လာတော့ပါဘူး။

 

ကျနော့်မှာလည်း သားသမီး ၃ ယောက်နဲ့ရှေ့ဆက်နေရဆဲပါပဲ။ နိုင်ငံဖြတ်ကျော်နယ်စပ်မြို့လေးမှာပေါ့။ မိုးနှောင်းတွေလို စစ်အာဏာရှင်ရဲ့ နေစွဲတွေဟာလည်း နှောင်းပိုင်းကိုရောက်လာဖို့ ကျနော်တို့မျှော်လင့် ကြိုးစားနေကြတာပဲမဟုတ်လား။ ရွှေရွှေလည်း သူ့ကလေး ၃ကောင်နဲ့ ဘယ်လိုခရီးကို သူဆက်အုံးမယ် ကျနော်ကြိုမတွေးတတ်ပါ။ ကျနော်တို့ကြိုမတွေးထားတာတွေက အချိန်ခါမလပ်ဖြစ်ပျက်နေတာ မဟုတ်လား။

 

ခွေးတွေဟာ နေရာဟောင်း၊ အိမ်ဟောင်း၊ သခင်ဟောင်းတွေကို နှစ်ပေါင်းဘယ်လောက်ကြာကြာ မေ့မသွားကြဖူးလို့ ကျနော်သိထားတယ်။ ကျနော်ကတော့ ရွှေရွှေကိုသူကြီးပြင်းခဲ့ရာ ထီးမယ်ဝါးခီးဆိုတဲ့ ရွာလေးကိုသူပြန်ရောက်သွားတာ၊ သူ့အရင်အငွေ့အသက်နဲ့ သူကြီးပြင်းခဲ့ရာ ရေမြေတောတောင်တွေထဲ လွတ်လပ်ပေါ့ပါးစွာသွားလာနေထိုင်ရင်း သူ့ရွာလေးမှာ ခေါင်းချသွားတာကို မြင်တွေ့ချင်သေးရဲ့။

 

အဲအချိန်မျိုးမှာ သူ့ရပ်သူ့ဒေသမှာ ဘယ်လိုမျိုးနေနေမလဲ ကျနော်တွေးရင်းမြင်ယောင်ကြည့်တယ်။

“ဂျုံးနီ

ငါမှတ်မိတယ်

မင်း မြေကြီးကို တူးတူးပြီး ဆော့တတ်တာလေ

ငါသိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့

ငါက

မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ၊

ဂျုံးနီ

လေတဟူးဟူးထန်နေတုန်းက

မင့်နှုတ်သီးကို ရှေ့ပစ်ပြီး

တအူးအူး တအုအုနဲ့ မင်းအူးမြူးနေတာ

ငါတုတ်နဲ့ လိုက်ရိုက်တော့

မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ၊

ဂျုံးနီ

မင်းကိုယ် ဝဝဖီးဖီးကြီးကြီးနဲ့

ငါ့ကို ဆောင့်ဆောင့် တိုးဝှေ့နေကျလေ

ငါလက်ဖျောက်တဖျစ်တီးလိုက်ရင်

မင်းလိုက်လိုက် ဟီဟီနေကျ

ငါက မာန်မဲလိုက်တဲ့အခါ

မင်းလျှာကြီးနဲ့ ငါ့ကို မြန်မြန်လျက်တယ်

ငါက လိုလားတဲ့အခါ

မင်းကျောတွေကို ပွတ်ပွတ်ပေးနေကျ၊” 

 

မောင်ချောနွယ် ရဲ့ ဂျုံးနီကဗျာထဲက ဇာတ်ဝင်ခန်းထဲကလို ကျနော်ကြည်နူးကြည်ဖြစ်မယ်ပေါ့။  

 

ကဗျာဆရာမောင်ချောနွယ် ရဲ့ “ဂျုံးနီ” ကဗျာထဲမှ ကဗျာပိုဒ်အချို့ကို ကူးယူကိုးကားပါသည်။

 

ဝေလင်း

#မြေလတ်အသံ

News Image
စစ်ရှောင်