Skip to main content

ရွာရဲ့ကိစ္စ (ရွာအပြန်-၉) #အညာရနံ့၊စာရနံ့

မှောင်ရီပျိုးစအချိန်မှာ သူငယ်ချင်းမောင်တုတ်က သူဌေးကတော်ရဲ့ကိစ္စသွားဖို့ လာခေါ်လို့ လိုက်ခဲ့ရတယ်။ လူသေတဲ့အခါ နာရေး၊ အသုဘ၊ မသာလို့ သုံးနှုန်းတတ်ကြပေမဲ့ ကျုပ်တို့ရွာကတော့ တစ်မျိုးတစ်ဘာသာ ကိစ္စလို့သုံးနှုန်းတယ်။ ကိစ္စဆိုတာ မလွဲမသွေ ဆောင်ရွက်ရမယ့်အလုပ်လို့ ပြောရမလားမပြောတတ်ဘူး။ သူဌေးကလည်း လွန်ခဲ့တဲ့တလကျော်ကျော်လောက်ကမှ ကွယ်လွန်သွားရှာတာတဲ့။ အခု သူဌေးကတော် ဒေါ်ကြိုင် ကွယ်လွန်ရှာပြန်တယ်။ အသက်တွေကလည်း ကိုးဆယ်နားကပ်နေကြပြီဆိုတော့ အိုနာလို့ ဆိုရမှာပေါ့။ နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ကြတယ်ဆိုတော့ ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းသင်းသွားကြတယ်လို့ ဆိုရမှာပေါ့လေ။

သူဌေးရဲ့အမည်က ကိုညွန့်သန်းတဲ့။ ကျိကျိတက်တော့ မချမ်းသာပါဘူး။ ကိုယ်ပိုင်လယ်ယာမြေရှိတော့ ချောင်ချောင်လည်လည် စားနိုင်သောက်နိုင်ရုံပါပဲ။ ဒါပေမဲ့ ရွာမှာ အရပ်ဇာတ်တွေကပြီးကတည်းက အမည်ရင်း ညွန့်သန်းပျောက်ပြီး သူ့ကို သူဌေးလို့ပဲ ခေါ်ကြတော့တယ်။ သူက ပြဇာတ်ထဲမှာ မင်းသမီးရဲ့ဖခင် သူဌေးကြီးအဖြစ် သရုပ်ဆောင်ရတာလေ။ သူ့လိုပဲ ကိုဌေးကြည်ကိုလည်း ရဲအုပ်လို့ပဲခေါ်ကြတယ်။ သရုပ်ဆောင်ကောင်းကြလို့ သူဌေး၊ ရဲအုပ်လို့ အမည်တွင်သွားကြတာပေါ့။ ရုပ်ရှင်စကားနဲ့ပြောရရင်‌တော့ အကယ်ဒမီဆု ဆွတ်ခူးသွားကြတဲ့သဘော။ အဲဒီမှာ ကိုညွန့်သန်းရဲ့ဇနီး ဒေါ်ကြိုင်ကိုလည်း နာမည်မခေါ်ကြတော့ဘဲ သူဌေးကတော်လို့သာ ခေါ်ကြတော့တယ်။ ရင်းနှီးချစ်ခင်ကြတဲ့သဘောလည်း ပါတာပေါ့လေ။

ရွာကိစ္စက ကျုပ်ရွာမှာရှိနေစဉ်ကနဲ့ မတူတော့ဘူး။ ပြောင်းလဲသွားပြီ။ ဗြဟ္မစိုရ်နာရေးကူညီမှုအသင်း ရှိနေပြီလေ။ ဟိုတုန်းကတော့ ကိစ္စဖြစ်တာနဲ့ အားလပ်နေတဲ့သူတွေ ဝိုင်းဝန်းဖို့ ရောက်လာကြတယ်။ အလောင်းပြင်ကြ၊ အိမ်ဝင်းသန့်ရှင်းရေးလုပ်ကြ၊ မဏ္ဌပ်ထိုးကြပေါ့။ မဏ္ဌပ်ထိုးတဲ့နေရာမှာတော့ မင်္ဂလာမဏ္ဌပ်နဲ့ ကိစ္စမဏ္ဌပ် ခွဲခြားထားတယ်။ မင်္ဂလာမဏ္ဌပ်ဆိုရင် အိမ်ရဲ့အချင်းတန်းနဲ့ မဏ္ဌပ်ရဲ့အချင်းတန်း တဖြောင့်တည်းနေအောင် ဆောက်ကြရတယ်။ အချင်းတန်းဆိုတာ သိတယ်မဟုတ်လား။ အလွယ်ကူဆုံးနဲ့ နားလည်လွယ်ဆုံးပြောရရင်တော့ အိမ်အမိုးရဲ့အောက်မှာ ကပ်လျှက်ရှိတဲ့သစ်သားတန်းတွေကို ပြောတာ။ ကိစ္စမဏ္ဌပ်ဆိုရင် အိမ်ရဲ့အချင်းတန်းနဲ့ မဏ္ဌပ်ရဲ့အချင်းတန်း ကန့်လန့်ထားပြီး ဆောက်ကြရတယ်။ အမိုးကတော့ ယိုင်လိပ်ကို ဖြန့်ထားလိုက်တယ်။ ယိုင်ဆိုတာ အနံတစ်ထောင့်ထွာလောက်၊ အလျား ၁၅တောင်လောက်ကို နှီးဖြာထူထူ အပြားကြီးကြီးနဲ့ ရက်လုပ်ထားတာကိုပြောတာ။ သီးနှံတွေ မရောင်းချခင် တစ်နေရာတည်းစုပုံထားတဲ့အခါ ပတ်ဖို့၊ နောက်ချေး(နွားချေး)ချတဲ့အခါ လှည်းပေါ်ပတ်ဖို့ အသုံးပြုကြတယ်။ ဒီတော့ တောင်သူလယ်သမားအိမ်တိုင်း ယိုင်တစ်လိပ်တော့ အနည်းဆုံးရှိနေတတ်တယ်။

ကိစ္စရှင်ကို ကိစ္စဘယ်ရက်၊ ဘယ်အချိန်ပြီးချင်တာလဲ။ ဘုန်းကြီးဘယ်နှစ်ပါး ပင့်မှာလဲ။ ကုတင်နဲ့ ယာယီကို အသစ် ဝယ်မှာလား။ တတ်နိုင်တဲ့သူတွေက ကုတင်နဲ့ယာယီကို အသစ်ပဲ ဝယ်ယူသုံးစွဲတတ်တယ်။ မဝယ်ဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းသွားပြီး ငှားရမ်းလိုက်ရုံပါပဲ။ ယာယီဆိုတာ ကုတင်မိုးတဲ့၊ ကုတင်တိုင်ဖုံးတဲ့၊ ပတ်ချာလည် အနားသတ် မြိတ်ချတဲ့ပိတ်စကိုပြောတာ။ ကိစ္စရှင်က ခန့်မှန်းကုန်ကျစရိတ်ကို ထုတ်ပေးလိုက်ရုံပါပဲ။ ဝိုင်းဝန်းတဲ့သူတွေက ထောင့်စေ့အောင် ဆောင်ရွက်သွားတတ်ကြတယ်။ အလောင်းထည့်ဖို့ ပျဉ်ပုတ်ဝယ် အခေါင်းလုပ်။ ပျဉ်ပုတ်ဆိုတာ အဆွေးအမြေ့၊ အနာအဆာပါတဲ့ ရောင်းတမ်းမဝင်တဲ့သစ်သားချပ်ကို ပြောတာ။ အခေါင်းကို ဓာတ်ခဲအဟောင်းတွေရှာပြီး အထဲက ကာဗွန်အမှုန့်တွေ ရေဖျော်ပြီး သုတ်တတ်ကြသေးတယ်။ မြင်တွေ့နေကျမို့လား မပြောတတ်ဘူး။ အခေါင်းကလည်း အနက်ရောင်မှ အခေါင်းနဲ့တူတယ်လို ထင်မှတ်ထားကြတယ်။

ကျင်းတူးဖို့ကလည်း ဘယ်သူ့ခိုင်းခိုင်းရပါရဲ့။ အလောင်းမြေမြုပ်ဖို့ ကျင်းတူးရတာ ကုသိုလ်ရတယ်လို့ မှတ်ယူထားကြတယ်။ ရွာပဲ။ မြို့ပြမှမဟုတ်တာ။ ရွာမှာ နာရေးအသင်းရှိစရာ လိုအပ်သလား။ နာရေးအသင်းထူထောင်စက ကျုပ် အဲဒီလိုမေးခဲ့ဖူးသေးတယ်။ အဲဒီတော့ ဦးဆောင်ကြတဲ့ ပါကြီးတို့၊ သောင်းဦးတို့က ရှင်းပြတယ်။ လိုအပ်တယ်တဲ့။

ကျုပ်တို့ခေတ်တုန်းကလို ကျင်းတူးမယ့်သူလည်း မရှိဘူးတဲ့။ အခကြေးငွေပေးပြီး ခိုင်းကြရတာတဲ့။ ကျင်းတစ်ကျင်းတူးရင် ငါးထောင်ကျပ်။ အခေါင်းလုပ်ဖို့ သစ်သားတန်းနဲ့ ဖော်မီကာချပ်ဝယ်ရတာက သုံးထောင်ကျပ်။ သရဏဂုံတင်ဖို့အတွက်ဘုန်းကြီးတပါးပင့်ဦးတော့။ လှူရတာက နှစ်ထောင်ကျပ်။ ဒီတော့ ကိစ္စရှိလာရင် ငွေတသောင်းကျပ်မကုန်ဘဲနဲ့ အလောင်းမြေမကျနိုင်ဘူးတဲ့လေ။ ငွေတစ်သောင်းဆိုတာ ရှိတဲ့လူတွေအတွက် အကြောင်းမဟုတ်ပေမဲ့ မရှိတဲ့သူအတွက် အခက်အခဲ ဖြစ်စေတယ်တဲ့။ ဒါကြောင့် ရွာမှာလည်း နာရေးအသင်း လိုအပ်လာတာတဲ့။

အမှန်ပြောရရင် ကျေးလက်တွေမှာ နာရေးအသင်းတွေပေါ်ပေါက်လာြခင်းဟာ ဆင်းရဲသူတွေ များပြားလာခြင်းရဲ့ ပြယုဂ်ပါပဲ။ ကျုပ်ကတော့ အဲဒီလိုသတ်မှတ်မိတာပါပဲ။ ခုတော့ ရွာက ဗြမစိုရ်အသင်းက ခိုင်မြဲတိုးတက်နေပါပြီ။ ကိစ္စရှိတဲ့အိမ်ကို မီးစက်နဲ့ဖန်ချောင်းသုံးချောင်း တစ်ညတာ အခမဲ့လာထွန်းပေးတယ်။ တာပေါ်လင်စ ခေါက်အမိုးနဲ့ စားပွဲ၊ ကုလားထိုင်တွေ လာချပေးတယ်။ ငွေတစ်သောင်းလာပေးတယ်။ အဲဒီမှာ နောက်ထပ်ကိစ္စတစ်ခု ထပ်မပေါ်သေးလို့ မီးစက်ကို ဆက်ပြီးအသုံးပြုချင်ပါသေးတယ်ဆိုလည်း ရတယ်။ ပထမဆုံးတညကလွဲပြီး နောက်ညတွေအတွက် ဆီဖိုးကတော့ကိုယ့်စရိတ်နဲ့ကိုယ်ပေါ့။ ငွေတသောင်းကိုလည်း တတ်နိုင်တဲ့သူတွေက မယူကြတဲ့အပြင် သုံးသောင်း၊ ငါးသောင်း စသဖြင့် ထပ်ဆောင်းလှူဒါန်းလိုက်ကြသေးတယ်။ ဒါ့ကြောင့်လည်း ခုဆိုရုပ်အလောင်းကို ထမ်းစရာ၊ လှည်းနဲ့တွန်းစရာ မလိုတော့ဘူး။ နိဗ္ဗာန်ယာဉ်နဲ့ ဖြစ်နေပြီ။ တိုးတက်မှုလို့ ပြောရမလား။ ခေတ်အလိုက်လို့ ဆိုကြမလား။

ကျုပ်တို့ရွာက ကိစ္စကိုတရက်သာထားပြီး ကိစ္စကုန်တတ်ကြတာများပါတယ်။ ဂူသွင်းချင်တဲ့သူ၊ ရပ်ဝေးမှာ သားသမီး၊ ဆွေမျိုးတွေရှိတဲ့သူလောက်သာ နှစ်ရက်ထားပြီးမှ ကိစ္စကုန်တတ်ကြတယ်။ လကူးမထားရဆိုတဲ့ အလေ့အထမရှိပေမဲ့ နှစ်ကူးမထားရဆိုတဲ့ အလေ့အထ ရှိသေးတယ်။ လကူးမထားရဆိုတာ လကွယ်နေ့ကွယ်လွန်ရင် နေ့ချင်းကိစ္စကုန်ကြတယ်။ နှစ်ကူးမထားရဆိုတာ သင်္ကြန်အတက်နေ့ကွယ်လွန်ရင် နှစ်ဆန်းတစ်ရက်နေ့ မထားတဲ့သဘော။ ပြီးတော့ ရွာရဲ့အပြင်မှာကွယ်လွန်ရင် ရွာထဲမသွင်းရ။ တရက်တည်း ကွယ်လွန်သူနှစ်ယောက်ရှိနေရင် နောက်မှကွယ်လွန်သူက အရင်ကိစ္စကုန်၊ အရင်ကွယ်လွန်သူက နောက်မှကိစ္စကုန်။ အလောင်းကို အိမ်ကထုတ်ရင် ခေါင်းကရှေ့ကထားထုတ်၊ ခြေထောက်ဘက်ကို ရှေ့ကမထားရဆိုတဲ့ အလေ့အထတွေ ရှိနေသေးတယ်။ ရေအိုးခွဲ၊ အုန်းခွဲတဲ့ဓလေ့ကတော့ ဟိုးအရင်ကတည်းက မရှိခဲ့တာ။

မောင်တုတ်နဲ့ကျုပ်ရောက်သွားတော့ စားပွဲတစ်ဝိုင်းလောက်ပဲ လူရှိသေးတာ။ ကိစ္စဆိုရင်တော့ တစ်အိမ်တစ်ယောက် မဖြစ်မနေ လာကြတာလေ။ မင်္ဂလာအခမ်းအနားလို ဖိတ်ကြားစရာမလိုဘူး။ ကိစ္စတွေမှာ ရေနွေးကြမ်းပဲ တည်ခင်းတယ်။ ဆေးလိပ်၊ လက်ဖက်တောင် မတည်ခင်းဘူး။ ဝန်တာတက်မှာ စိုးရိမ်လို့လားမပြောတတ်။ ပြီးတော့ ကိစ္စတွေမှာ လက်ဖက်တွေက ဘယ်လောက်ကောင်းတာဖြစ်ဖြစ် မည်းမည်းသွားတတ်ကြတယ်။

လူသေနံ့ကြောင့်လားမပြောတတ်ဘူး။ ကိစ္စလက်ဖက်က မည်းသွားတာတော့အမှန်ပဲ။ မကြာဘူး။ ကျုပ်တို့စားပွဲဝိုင်းမှာလည်း လူပြည့်သွားတယ်။ စကားတွေကတော့ ရောက်တက်ရာရာပါပဲ။ ဒါပေမဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရဲ့အခြေအနေကသာ လွှမ်းမိုးနေတယ်။ ပြီးတော့ ကျုပ်တို့ရွာမှာ ကြံ့ဖွတ်ဆိုင်းဘုတ်မရှိတာက ထူးခြားမှုတခုပါပဲ။

လူငယ်တွေကတော့ ဝိုင်းဖွဲ့ဖို့ စိုင်းပြင်းနေကြတယ်။ ဝိုင်းဖွဲ့ဖို့ဆိုတာ ဖဲရိုက်ဖို့စီစဉ်နေကြတာပါ။ ကိစ္စတွေမှာ ဖဲဝိုင်းက ရက်လည်ခုနစ်ရက်ထိ မိုးအလင်း၊ ညလုံးပေါက်ရှိနေတတ်တယ်။ ကိစ္စအိမ်မှာ ရက်လည်သည်အထိစောင့်ရှောက်ရင်း အပျင်းပြေဝိုင်းဖွဲ့ရာကနေ အစဉ်အလာတရပ်လို ဖြစ်နေတာပေါ့။ ရွာတွေမှာတော့ ကိစ္စမှာခုနစ်ညဖဲရိုက်ခွင့်ရှိတာ ဥပဒေတရပ်လို ဖြစ်နေတယ်။ တရွာတပြည်ကလူလည်း မပါပါဘူး။ ကိုယ့်ရွာသားအချင်းချင်းပါပဲ။ စီးပွားဖြစ်မဟုတ်ဘူး။ အပျင်းပြေ။ မနက်လင်းရင် ကိစ္စရှင်က ဖဲဝိုင်းအကောက်ရတဲ့ငွေနဲ့ အကြော်တွေဝယ်ပြီး ထမင်းဆီဆမ်းနဲ့ ကျွေးမွေးတတ်တယ်။ စားလို့ကောင်း၊ မြိန်မှမြိန်။ ရွာမှာနေစဉ် ကျုပ်လည်း ဖြတ်သန်းခဲ့ဖူးတာပဲလေ။ သတိရ လွမ်းပါသေးရဲ့။ မောင်တုတ်က "တို့လည်း ငယ်မူပြန်လိုက်ရအောင်လား"လို့ ပြောလာသေးရဲ့။

အဲဒီမှာ "လူငယ်တွေ အမဲလိုက်ထွက်နေရင် ကျုပ်တို့က ချက်ပြုတ်ဖို့တာဝန်ယူပေးရမှာပေါ့"ဆိုတဲ့ တခြားဝိုင်းက ကိုကြီး(ဥက္ကဌဝင်း)ရဲ့ ပြောသံကို ကြားလိုက်ရတယ်။ ဘာအကြောင်းအရာနဲ့ဆက်စပ်ပြီး ပြောလိုက်တယ်ဆိုတာ ထွေထွေထူးထူး စဉ်းစားနေစရာမလိုပါဘူး။ လက်ရှိဖြစ်ပွားနေတဲ့အခြေအေနကို ပြောတာဖြစ်မှာပေါ့။ ကိုကြီးက စာရေးဆရာတွေလို စာအုပ်တွေ ရှာဖွေဖတ်ရှုဖို့ မအားပေမဲ့ တွေ့တဲ့စာအုပ်ကိုတော့ စွဲစွဲမြဲမြဲဖတ်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တော့သူပြောလိုက်တဲ့စကားကို သဘောကျနှစ်ခြိုက်လိုက်တာပါ။ ဟုတ်တယ်။ ကျုပ်တို့အရွယ်နဲ့ လူငယ်တွေလို အမဲတော့ မလိုက်နိုင်တော့ဘူး။ အဲဒါနဲ့ပဲ မစွမ်းတော့ပါဘူးဆိုပြီး ထိုင်နေကြတော့မှာလား။ ချက်ပြုတ်ဖို့တော့ တာဝန်ယူနိုင်ပါသေးတယ်။ ဟင်းမွှေဖို့ ယောင်းမမကိုင်နိုင်သည့်တိုင် မီးထိုးဖို့လောက်တော့ စွမ်ဆောင်နိုင်သေးတယ်မဟုတ်ပါလား။ ရန်ကုန်ပြန်ရောက်ရင် အပေါင်းအသင်း အဘိုးကြီးဖြစ်စသူတွေကို ကိုကြီးရဲ့စကား လက်ဆင့်ကမ်းရဦးမယ်။ အားအင်တွေဖြစ်ကြမှာပါ။

ကိစ္စက မနက်ဖြန်ညနေ ၄ နာရီမှာ ကိစ္စကုန်မယ်တဲ့။ ကြုံကြိုက်တုန်း လိုက်ပို့ရဦးမှာပ။ ပြန်ကြမယ်လုပ်တော့ သန်းအောင်ရဲ့သား ရွှေစိုးက လာပြီးနှုတ်ဆက်တယ်။ "ဦးလေးသန်း မပြန်သေးဘူးမဟုတ်လား"တဲ့။ လပြည့်နေ့မှာ သူရဲ့သားကို ရှင်ပြုပေးမယ်လို့တဲ့။ ခေတ်ရဲ့အခြေအနေအရ မဏ္ဌပ်လည်းမထိုးတော့ဘူး။ အသံချဲ့စက်လည်း မဖွင့်တော့ဘူး။ ရွှေသိမ်တော်ကျောင်းမှာပဲ တတ်နိုင်သလောက်ကျွေးမွေးပြီး တခါတည်းသင်္ကန်းစည်းပေးလိုက်မှာတဲ့။ အဲဒါ ကြွရောက်ဖြစ်အောင် ကြွရောက်ခဲ့ပါလို့ ဖိတ်ကြားပါသတဲ့လေ။ အင်း အလှူပဲဟင်း၊ အလှူငါးခြောက်ထိုး မစားရမသောက်ရတာ ကြာပေါ့။ စားရ၊ သောက်ရချည်သေးရဲ့။

ချမ်းငြိမ်းရာ

#မြေလတ်အသံ

News Image
အညာရနံ့၊စာရနံ့