Skip to main content

ရခိုင်တကျော့ပြန်တိုက်ပွဲနဲ့ ပိတ်ဆို့မှုကြားက လယ်သမားတွေရဲ့ စိန်ခေါ်မှု

သတင်းဆောင်းပါး

#သတင်းဆောင်းပါး

တောတောင်၊ မြစ်ချောင်းတွေနဲ့ ပြည့်နက်နေတဲ့ မြန်မာနိုင်ငံရဲ့ အနောက်ဖက်က ရခိုင်ပြည်နယ်မှာ ယခုနှစ် (၂၀၂၂) မိုးခေါင်တဲ့ သဘာဝကပ်ဆိုးကြီးတခုကို ကြုံတွေ့ခဲ့ရပါတယ်။ စိုက်ပျိုးရေးနဲ့သာ အဓိကထား အသက်ရှင်နေရတဲ့ ရခိုင်ပြည်သူတွေမှာ မိုးခေါင်တဲ့ဒဏ်အပြင် လယ်ယာမြေသုံး မြေဩဇာပစ္စည်းတွေရဲ့ ဈေးအဆမတန် မြင့်တက်မှု ဒဏ်ကိုပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ တချို့ လယ်သမားတွေဆိုရင် မိမိရဲ့လယ်မြေတွေကို စွန့် ခွာပြီးတော့ ရေခြား၊ မြေခြား တိုင်းတပါးနိုင်ငံတွေမှာ မိသားစုကို ခွဲခွာပြီးတော့ သွားရောက် အလုပ်လုပ်နေကြရပါတယ်။

အစိုးရရဲ့ စစ်တမ်းအရ ရခိုင်တပြည်နယ်လုံး စိုက်ပျိုးနိုင်တဲ့ လယ်မြေဧက ၁၃ သိန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ခုနှစ်ကဆိုရင် ဧက ၈ သိန်းခွဲဝန်းကျင်လောက်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့တယ်လို့ ရခိုင်ပြည် တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းအရ သိရပါတယ်။

ယခုနှစ်မှာဆိုရင် ရခိုင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ‌တွေမှာ ထွန်ယက်စိုက်ပျိုးနိုင်တဲ့ လယ်မြေ ၆၀ ရာခိုင်နှုန်းလောက်သာ ရှိတဲ့အထဲက အသားတင် စိုက်ပျိုးနိုင်တဲ့ ဧက ၃၀ ရာခိုင်နှုန်းသာ ရှိတယ်လို့ ရခိုင်ပြည်တောင်သူ လယ်သမားသမဂ္ဂရဲ့ စာရင်းအရ သိရပါတယ်။ 

ရခိုင်ပြည်နယ်မှာ မိုးခေါင်တဲ့အပြင် မြန်မာပြည်သူတွေ အကုန်လုံး ကြုံတွေ့ခံစားနေရတဲ့ စီးပွားရေး ကပ်ဆိုးကြီးကိုလည်း ထပ်တူရင်ဆိုင်နေရတာပါ။ ဒါကတော့ စားသောက်ကုန်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေ အဆမတန် ဈေးအတက်သာ ရှိပြီးတော့ ဈေးပြန်မကျတဲ့ ပြဿနာပါဘဲ။ ဓာတ်မြေဩဇာဈေးဆိုရင် လယ်သမားတွေ မတခါမှ မကြားဖူးတဲ့ မြေဆီတအိတ်ကို ၁ သိန်းကျော်အထိ ထိုးတက်နေပါတယ်။

အဲဒါ‌ကြောင့် စပါးခင်းတွေ အထွက်ကောင်းပြီး အသီးအောင်ဖို့အတွက် ဓာတ်မြေဩဇာ တအိတ်ကိုပင် လယ်သမားတွေ မတတ်နိုင်ခဲ့ကြဘူးလို့ သိရပါတယ်။ စပါးပင်တွေမှာလည်း အချိန်ကာလနဲ့ သူတို့လိုအပ်တဲ့ အဟာရ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေး၊ မြက်သတ်‌ဆေးတွေနဲ့ ပြုစုပျိုးထောင်ပေးမှသာ စပါးအထွက်ကောင်း ကြတာပါ။ ဒီလိုလုပ်ဖို့အတွက် ဒီနှစ် လယ်သမားတွေအနေနဲ့ စိန်ခေါ်မှုတွေ ရှိခဲ့ကြပါတယ်။ ဒါကြောင့်မလို့ ဒီနှစ် စပါးထွက်နှုန်း ကျဆင်းမယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

"ကျနော့်မှာဆိုရင် ဒီနှစ် မြေဆီတအိတ်မှ မကြဲလိုက်ဘူး။ ဝယ်ဖို့ ပိုက်ဆံက မတတ်နိုင်ဘူးလေ။ အဲဒါကြောင့် စပါးခင်းတွေကို ဖြစ်သလိုပဲ ထားလိုက်ရတယ်။ ဒီနှစ်တော့ ဘုရား၊ သကြားမ မှသာ အဆင်ပြေနိုင်တော့မယ်" လို့ လယ်သမားတဦးက သူ့ရဲ့ခံစားချက်ကို ပြောပါတယ်။

ဒီလိုအခြေအနေမျိုးမှာတောင် စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးကို ဆေးဝါးတင်ပို့ခွင့်ကို ပိတ်ပင်ထားမြစ်ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ ရေကြောင်းဆက်သွယ်ရေး ရေယာဉ်တွေကိုပါ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပါသေးတယ်။

ဒါပေမဲ့ ‌စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ သူတို့ရဲ့တပ်တွေအတွက် ဆေးဝါးပစ္စည်းတွေကို ကုန်းကြောင်းကမဟုတ်ဘဲ လေကြောင်းက နေ့စဉ်နဲ့အမျှ တင်သွင်းနေတာကို တွေ့မြင်နေရပါတယ်။  ပြီးတော့ မြစ်ချောင်းတွေထဲမှာဆိုရင်လည်း ခရီးသည်တင် ရေယာဉ်တွေအစား စစ်ကောင်စီရဲ့ ထောက်ပို့ ရေယာဉ်တွေကသာ နေ့စဉ်နေ့တိုင်း သွားလာလှုပ်ရှားနေတာကို တွေ့မြင်ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ ထင်တိုင်းကြဲနေတာကို တွေ့မြင်ကြရမှာဖြစ်ပြီး လူ့အခွင့်အရေးကိုလည်း ပြောင်ပြောင်တင်တင် ချိုးဖောက်နေတာပါ။

၃  

အရင်နှစ်တွေကဆိုရင် ဒီလိုရာသီအချိန်မျိုးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စပါးကုန်ကူးကြဖို့ရန်အတွက် ကျေးလက်တွေမှာ စပါးဝယ်ယူသူတွေနဲ့ စည်းကားလျှက်ပါ။ စပါးဝယ်ယူသူတွေအနေနဲ့ စပါးတောင်း ၅ ထောင်ခန့်ဆံ့တဲ့ ဘုတ်ကြီးတွေနဲ့ တရွာဝင်၊ တရွာထွက် တယောက်နဲ့တယောက် အပြိုင်အဆိုင် စပါးလိုက်ဝယ်နေကြပြီ။ ဒါပေမဲ့ ဒီနှစ်မှာတော့ စပါးဝယ်ယူသူ တယောက်စ၊ နှစ်ယောက်စလောက်ပဲ တွေ့မြင်ရပါတယ်။ လယ်သမားတွေဆိုတာက ပိုက်ဆံချမ်းသာကြတဲ့ လူတန်းစားတွေ မဟုတ်ကြပါဘူး။ သူတို့ ချမ်းသာတာက အိမ်ခြံဝန်းထဲမှာ စပါးကျီတွေပဲ။ လယ်သမားတွေအနေနဲ့ ပိုက်ဆံအသုံးလိုလာရင် ကျီထဲကစပါးတွေကို ရောင်းချ သုံးစွဲကြတာပါ။ ဒီနှစ်အဖို့ စပါးဝယ်လိုအား မရှိတဲ့အတွက် လယ်သမားတွေ အသက်ရှုကြပ် ကြရတယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ်က လယ်သမားတဦးက "ကျနော်က ဒီနှစ်စပါးဈေး တက်လာမယ် ဆိုပြီးတော့ မရောင်းဘဲထားထားတာ။ အခုတော့ အိမ်မှာက ပိုက်ဆံလိုနေပြီ။ စပါးရောင်းမယ်လို့လုပ်တော့ ဝယ်မယ့်သူ တယောက်မှ မရောက်ကြဘူး။" လို့ ဆိုပါတယ်။

စပါးဝယ်သူတွေ ကျေးလက်တွေဆီ အရင်လို မရောက်လာကြတာကတော့ စစ်ကောင်စီက မြစ်၊ ချောင်းတွေကို သွားလာခွင့် ပိတ်လိုက်ပြီးနောက် မြစ်၊ ချောင်းတွေမှာ သွားလာကြတဲ့ ဘုတ်၊ စက်လှေတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတာ၊ သေနတ်နဲ့ ပစ်တာတွေ ပြုလုပ်နေတာကြောင့် အခုလို မသွား၊ မလာဝံ့ကြတော့တာ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည် ၂ နာရီကျော် အချိန်မှာ လောင်းရှည်ကျေးရွာက ကျောက်တော်မြို့ကို ဝါးရောင်းရန် လာတဲ့ စက်လှေကို မျောက်တောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့  ‌စက်လှေပိုင်ရှင် ဦးဇော်မင်းဦး ၃၄ နှစ်မှာ ဦးခေါင်းမှာ ကျည်ထိမှန်ခဲ့ပါတယ်။ 

ကျောက်တော်ဒေသခံတွေရဲ့ ပြောပြချက်အရတော့ မြစ်ထဲမှာ သွားလာနေတဲ့ မည်သည့်စက်လှေ၊ ဘုတ်တွေ မဆို စစ်ကောင်စီက အခုလို ပစ်ခတ်နေတာ ဖြစ်တာကြောင့် ဒေသခံတွေ အသက်အန္တရာယ် ထိခိုက်လာနိုင်တယ်လို့ ဆိုကြပါတယ်။ အခုလို စစ်ကောင်စီက သေနတ်ပစ်ခတ်တာဟာ AA ကို ရိက္ခာပို့ဖို့ သွားတယ်လို့ ထင်မြင်ယူဆကာ ပစ်ခတ်နေတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

အခု အောက်တိုဘာလ ဒီအချိန်မှာ ကောက်ဦးပျိုးစပါးတွေဟာ မှည့်ပြီးတော့ ရိတ်သိမ်းလို့ ရနေကြပါပြီ။ ဒါပေမဲ့လည်း ရခိုင်က တောင်သူတွေအနေနဲ့ မိမိတို့စပါးတွေကို မိမိတို့ မရိတ်သိမ်းကြရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ကောင်စီ တပ်သားတွေက လက်နက်အားကိုးနဲ့ ပြည်သူပိုင်စပါးတွေကို ခိုးရိတ်ယူနေကြလို့ပါ။ တဖက်မှာလည်း တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို လှမ်းပစ်နေတာကြောင့် အရပ်သားပြည်သူတွေ နေ့စဉ်နဲ့အမျှ သေဆုံး၊ ဒဏ်ရာ ရရှိနေကြပါတယ်။ အဲဒါကြောင့် လယ်သမားတွေအနေနဲ့ လယ်ပြင်မှာ ရှိနေရမယ့်အချိန်မှာ ဗုံးခိုကျင်းထဲမှာသာ ရှိနေကြရပါတော့တယ်။

"အခုက စပါးတွေ မှည့်နေကြပြီ။ တချို့အခင်းတွေဆိုရင် ရိတ်သိမ်းလို့တောင် ရပြီ။ ဒါပေမဲ့ မရိတ်သိမ်းဝံ့ကြဘူး။ လယ်ကွင်းထဲမှာ လူတ‌ယောက် နှစ်ယောက်စုပြီးတော့ စပါးရိတ်နေကြတုန်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်မှာကို ကြောက်နေရတယ်။ သူတို့က လူတွေစုလို့မြင်ရင် ပစ်တတ်‌တယ်လေ" လို့ မင်းပြားမြို့နယ်က လယ်သမားတဦးက ပြောပြပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာက ပိုင်တဲ့ စပါးခင်းတွေက စပါးပင်တွေကို ကြပ်စင်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတွေက ခွင့်ပြုချက် တစုံတရာ မတောင်းကြပဲ လက်နက်အားကိုးနဲ့ ခိုးရိတ်ယူခဲ့ကြပါတယ်။ စစ်ကောင်စီက စပါးပင်တွေကို ခိုးရိတ်ယူနေတာက လယ်သမားတွေရဲ့ စီးပွားရေးကို ဖျက်လိုဖျက်စီး လုပ်နေတာသပ်သပ်ပဲလို့ လယ်သမားတွေက ပြောဆိုကြပါတယ်။

အခု ဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲအတွင်း အရူးမီးဝိုင်းလည်နေတဲ့ စစ်ကောင်စီက ရက္ခိုင့်တပ်တော်ရဲ့ စခန်းတွေ ရှိနေတယ်လို့ထင်တဲ့ နေရာတွေကို သူတို့ရဲ့ တပ်မ၊ တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကို နေ့စဉ်နေ့တိုင်း ပြုလုပ်လာနေပါတော့တယ်။ တိုက်ပွဲ တပွဲဖြစ်တိုင်းလည်း တိုက်ပွဲအပြီးမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့သာ ဖြစ်ခဲ့တဲ့နေရာတွေဆီကို လှမ်းပစ်နေရတော့တာပါ။ စစ်ကောင်စီက အခုလို ပစ်ခတ်နေတာကြောင့် ‌ကျေးရွာတွေထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ သေဆုံး၊ ဒဏ်ရာရ‌သူတွေလည်း နေ့စဉ်ရက်ဆက် ဆိုသလို ရှိလာနေပါတော့တယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး မိုးရွာသွန်းခဲ့တာကြောင့် သြဂုတ်လမှ အောက်တိုဘာ ၂၀ ရက်နေ့အထိ သေဆုံးခဲ့ရသူ အရပ်သား ၁၄ ဦး ရှိခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးမှာ သွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းတခုကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲကြောင့် ချိန်ခါလီကျေးရွာမှာ စပါးရိတ်နေကြတဲ့ လယ်သမားတွေအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်လို့ လယ်သမားတဦးက သူရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

"ကျနော့်မှာ စပါးတွေမှည့်နေလို့ အငှားလုပ်သား နှစ်ယောက်နဲ့ စပါးရိတ်နေတာ။ စပါးရိတ်တာ လယ်တကွက်တောင် မပြီးခဲ့ဘူး။ တိုက်ပွဲဖြစ်တော့ ရိတ်နေတဲ့ စပါးတွေကို ထားခဲ့ပြီးတော့ ထွက်ပြေးရတော့တာပဲ။ ဒီနေ့တောင်လယ်ပြင်ကို မသွားရဲသေးဘူး။ တောင်ပေါ်တွေက လှမ်းပစ်မှာကို စိုးရတယ်။ ဒီအတိုင်းဆိုရင် ကျနော်တို့လယ်သမားတွေ စပါးတောင် သိမ်းရပါ့မလား" လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာလည်း ရသေ့တောင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေက လက်နက်ကြီး အကြိမ်ရေ ၄၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကျေးရွာတွေက ပြောဆိုကြပါတယ်။

တောင်သူလယ်သမား သမဂ္ဂရဲ့စာရင်းအရ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ စိုက်ပျိုးပြီး စွန့်ပစ်ထားနေရတဲ့ လယ်ဧက ၅ သောင်းခန့် ရှိနေတယ်လို့ သိရပါတယ်။

ဒီနှစ်မှာ တောင်သူလယ်သမားတွေအနေနဲ့ ရာသီဥတု ဖောက်ပြန်တာ၊ ဓာတ်မြေဩဇာ ဈေးတက်တာတွေကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခံစားခဲ့ရသလို ကောက်ရိတ်သိမ်းချိန်မှာလည်း တကျော့ပြန်ဖြစ်ပွားလာနေတဲ့ တိုက်ပွဲက ရခိုင်ကလယ်သမားတွေအပေါ်  စိန်ခေါ်မှု ဖြစ်လာမည်မှာ မလွဲမရှောင်သာပါပဲ။

ဆောင်းပါးရှင်-အောင်စိုး
#မြေလတ်အသံ