Skip to main content

လပြည့်က ငပုပ်ကိုဂွမ်းတော့မလို့ဗျို့၊ အခုတော့ငပုပ်က လကိုဖမ်းသွားတယ် #သရော်စာ

သရော်စာ

 

မြေလတ်အသံ၊ နိုဝင်ဘာ ၉၊ ၂၀၂၂။

အခုတလော ကျုပ်တို့မြန်မာ့သတင်းတွေ ဖတ်ရတာလည်း အာဏာလု မအလရဲ့စခတွေ ကမ်းကုန်လမ်းစုံ မိုက်ရိုင်းနေကြတာတွေ အထပ်ထပ် ဖတ်နေရတာ ကြိတ်မနိူင် ခဲမရ ဖြစ်ရပါဘိတယ်လေ။

ကျုပ်လည်း အေးစပြုလာတဲ့ ဆောင်းမနက်ခင်းမှာ မိတ်ဆွေကြီး ကိုဘုန်းနဲ့ လမ်းလျောက်ဖို့ ချိန်းထားသမို့ သူ့အိမ်ဘက် ထွက်လာခဲ့လေတယ်ပေါ့။ အလို ကိုဘုန်းသည်ကား သူ့အိမ်ရှေ့တွင် အသင့်စောင့်လို့နေချေပြီ။ ကိုဘုန်းသည်ကားစောစောစီးစီး တရားတော် နာယူနေလေသည်လား မပြောတတ်။ သူ၏နားတွင်အီးယားဖုန်း တပ်လျှက်သားပါလေ။ ကျုပ်လည်း ကိုဘုန်း တရားနာပျက်မည် စိုးလေသောကြောင့် စကားမပြောပါပဲ လမ်းကိုသာ အာရုံစိုက် လျှောက်နေမိပါသည်လေ။ တရားနာသည်ကို ဖျက်လိုဖျက်စီးလုပ်ချေက "ဓမ္မန္တရာယ်" ဖြစ်တတ်သည်လို့ ကြားဖူးထားသည်ကိုး။ ကိုယ့်ထမင်းကိုယ်စားပြီး ငရဲတော့ အလကား မသွားချင်ပေါင်။

လမ်းအတော်လေး လျှောက်မိမှ ကိုဘုန်းက သူ့အီးယားဖုန်းဖြုတ်ပြီး စကားစတော့တယ်။

"ဘယ်လိုလဲ စာရေးသူကြီး။ ငြိမ်လှချည်လားဗျ။ ဘာလဲ သွားရင်းလာရင်း ကားတို့ရထားတို့ တိုးမိတိုက်မိဖြစ်မှာစိုးလို့ သမ္ဗုဒ္ဓေတွေ ဘာတွေ ရွတ်နေတာလား"

"မဟုတ်ပါဘူး ကိုရွှေဘုန်းရယ် ခင်ဗျားက နားကြပ်ကြီးတကားကား တပ်ထားလေတော့ တရားနာနေတာ ဖျက်လိုဖျက်စီး လုပ်သလိုဖြစ်မှာစိုးလို့ဗျို့"

"ဘယ်ကလာ ကပ်သီးကပ်သပ် တရားနာရမှာလဲ စာရေးသူကြီးရာ။ ဇာတ်ထုပ်နားထောင်နေတာဗျ။ ပန်တြာကြည်လင်လေဗျာ။ ကိုဖုန်းကြွယ်လားလို့ မမေးနဲ့ဟိတ်လူ၊ မဟုတ်ဘူးဗျ။ သုပ္ဗဗုဒ္ဓနောက်ဆုံးနေ့ဆိုတဲ့ ဇာတ်ထုပ်ဗျ။ လူမိုက်တွေရဲ့ နောက်ဆုံးနေ့တွေ အကြောင်းပေါ့ဗျာ"

"ဒါနဲ့ ကိုဘုန်း လပြည့်က ငပုပ်ကို ဝင်တိုက်တော့မလိုဖြစ်တဲ့ သတင်းကြားပြီးပလားဗျ""

"ကြားပြီးပါပကောဗျာ။ ကျုပ်ဖြင့် အဲဒီသံလမ်းပြေးယာဥ်သမား ဖိုးလပြည့်ကိုစိတ်ဆိုးချက်ဗျာ။ တခါတည်းအပြီး ဆော်လိုက်ရမှာ။ အခုကျတော့ စည်းမရှိကမ်းမရှိ ကားမောင်းလာပြီး သူ့အစီအစဥ်အတိုင်း အလုပ်လုပ်နေတဲ့ ရထားဝန်ထမ်းကို ဖမ်းလားစီးလား လုပ်ပြန်သတဲ့။ အမှန်က ဒါဟာဝတ္တရားနှောက်ယှက်မှုဗျ။ မအလကြီးကို ဖမ်းရမယ့်ကိစ္စ။ ဖိုးလပြည့်က ငပုပ်ကို အပြုတ်မဆော်တော့၊ ထုံးစံအတိုင်း လကို ငပုပ်က ဖမ်းပြန်တာပေါ့ဗျာ"

မိတ်ဆွေကြီး ကိုဘုန်းရဲ့ ကြံကြံဖန်ဖန် ပြောတတ်ပုံက သဘောကျစရာပင် မဟုတ်ပါလော။

"ဒါနဲ့ ကိုဘုန်း မအလကြီးရဲ့ နိုဝင်ဘာ စကစအစည်းအဝေး မိန့်မှာချက်ကြီး ကော ဖတ်မိသေးလား"

"ဖတ်မိပါသောကော စာရေးသူကြီးရယ်။ ကျုပ်အထင် မအလကြီးက ဖေ့ဘုတ်ဆယ်လီ မမဆောင်းဆိုသဟာရဲ့ ဖန်လား မပြောတတ်ဘူးဗျ။ ဒါမှမဟုတ်လည်းသူ့အတွက် မိန့်ခွန်းတွေကို မမဆောင်းက ရေးပေးနေရတာများ ဖြစ်မလားမသိဘူးဗျ။ မအလကြီး​ ပြောပုံကို ကြည့်လေ။ တိုင်းပြည်သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်း လိုတယ်။ ငွေချမ်းသာဖို့စိတ်ချမ်းသာဖို့ လိုတယ်။ တရားဥပဒေစိုးမိုးရေးဖြစ်ဖို့လည်း လိုတယ်။ ဒါမှတိုင်းပြည်သာယာ ဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျနော်တို့က တပူပူနဲ့ ငွေကတော့ ချမ်းသာပါတယ်၊ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ကဲကြည့်အုန်း လည်ထွက်နေတဲ့ မိန့်ခွန်း။ သေသွားတဲ့ချစ်သူနဲ့လည်း မမဆောင်း ရည်းစားမဖြစ်ခဲ့ဘူးလေ ဆိုတာမျိုးကြီး"

"အေးဗျာ ကိုဘုန်းရာ။ မအလရဲ့ စခတသိုက်ကတော့ SaveThe Children အဖွဲ့ကြီးက စစ်ရှောင်ကလေးသူငယ် အရေအတွက် ၅ သိန်း၂ သောင်းကျော်ရှိနေပြီ ဘာညာသတင်းထုတ်နေချိန်မှာကိုပဲ၊ ပြည်ကြီးတံခွန်က ခရစ်ယာန်မိဘမဲ့ကလေးကျောင်းကို ညတွင်းချင်း ချိတ်ပိတ်၊ ကလေးတွေကို အထုပ်တွေအတင်းသယ်ခိုင်း၊ ကလေးတွေခမျာ တညလုံးလမ်းပေါ်မှာဆိုပဲ"

"ဟုတ်တယ် စာရေးသူကြီးရေ။ နီးလာရင် အဲလိုပဲ။ အလွဲလွဲအချော်ချော် ဖြစ်တတ်တယ်။ ကျုပ်ခုနင်က နားထောင်နေတဲ့ သုဗ္ဗဗုဒ္ဓဆိုတဲ့ ဘုရင်လည်း ဘုရားကြွလာမယ့် လမ်းမှာ အရက်မဏ္ဍပ်နဲ့ သောက်စားနှောက်ယှက်ခဲ့လို့ ဘုရားကနောက် ၇ ရက်ကြာရင် မြေမြိုလိမ့်မယ်လို့ သတိပေးတာပေါ့။ အဲဒါအာဏာရှင်ဘုရင်က ဘုံ ၇ ဆင့်ဆောက် အပေါ်ဆုံးထပ်မှာနေ၊ တံခါးအထပ်ထပ်နဲ့ပေါ့လေ။ တကယ်လို့ ဘုရင်များ အောက်ဆင်းလာရင် အပေါ်ကို ဆွဲတင်ဖို့ တချက်လွတ် အမိန့်ပေးပြီးသားပဲ။ တကယ်တမ်း ၇ ရက်ပြည့်တဲ့နေ့ကျ အစီအစဥ်အားလုံးကပြောင်းပြန်ပဲ။ အပေါ်ဆွဲတင်ရမယ့် လူသန်ကြီးတွေက အောက်ကိုချည်း ဆွဲချတော့တာကိုး။ နောက်ဆုံးအဝိစိကို လစ်ရတာပါပဲ။ အခုလည်း မအလကြီးရဲ့ လူတွေက အောက်ကိုချည်းတော့ ဆွဲချနေကြပြီ ထင်ပါရဲ့ဗျာ"

"အေးဗျ  ကိုဘုန်းရ။ ကျုပ်တရားတစ်ပုဒ် ဖတ်ဖူးသဗျ။ ပျက်စီးချိန်တန်လာပြီဆိုရင် ဘယ်လို အဆောင်၊ ဘယ်လို ယတြာမှ မစွမ်းနိူင် မကယ်နိူင်ပဲ ပျက်စီးရမှာပဲဆိုတာလေ"

"သေချာတယ်  စာရေးသူကြီးရေ။ အခုတောင်မှ  လပြည့်ရဲ့ လမ်းကြောင်းပေါ် ငပုပ်က ချော်တော ငေါ့တာလေ။ လက ငပုပ်ကို ဂွမ်းတော့မလို့ "

ဆူးရနံ့ 

သရုပ်ဖေါ် -ညိုမြ
#မြေလတ်အသံ