သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ချောက်မြို့နယ်၊ မြေပဒုံကျေးရွာနဲ့ တောင်သာကျေးရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်ဖို့သွားသူ ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်မနက် ၈ နာရီခန့်မှာ မြေပဒုံရွာခံ အသက် ၁၈ နှစ်အရွယ်အမျိုးသား ၁ ဦးနဲ့ မင်းဘူးခရိုင် တပ်ရင်း ၁ က တပ်ဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်နဲ့ကင်းထောက်သွားစဥ် ကျေးရွာမြောက်ဘက် မန်ကျည်းပင်နားအရောက်မှာ စစ်ကောင်စီကင်းပုန်းကပစ်ခတ်တာကို ခံလိုက်ရတယ်လို့ဆိုပါတယ်။
"စကစအဖွဲ့က ရွာမြောက်ဘက် ညောင်ပင်အောက်ရောက်နေတာ မသိလိုက်ဘူး။ ခုကျသွားတဲ့ အာကာထက်နဲ့ PDF ကလေးတွေက ဆိုင်ကယ်နဲ့ ဂန်းက ၁ လက်ပါတယ်။ သူက ရှေ့က ဘာမှမပါဘူး။ ညောင်ပင်နဲ့မန်ကျည်းပင်က ကပ်လျက်။ သူတို့(စကစ)က အသင့်စောင့်နေတော့ သူတို့ရှေ့ သွားအပစ်ခံလိုက်ရသလိုဖြစ်သွားတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးသူဟာ PDF အဖွဲ့ဝင်တဦးမဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေထဲမှာ သူငယ်ချင်းတွေရှိတာကြောင့် အတူသွားအတူလာ သွားလာလေ့ရှိသူသာဖြစ်ပြီး စစ်သင်တန်းတက်ရောက်ထားသူလည်း မဟုတ်ဘူးလို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီအဖွဲ့ဟာ အင်အား ၅၀ လောက်နဲ့ နိုဝင်ဘာ ၂၆ ရက်ညပိုင်းကတည်းက တောင်သာကျေးရွာကို ရောက်လာတာဖြစ်ပြီး တောင်သာနဲ့ မြေပဒုံကျေးရွာကြားမှာ အင်အားဖြန့်ခွဲ ကင်းပုန်းဝပ်ခဲ့ကြကာ PDF အဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တဲ့ကင်းပုန်းကတော့ အင်အား ၆ ဦးသာရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကင်းပုန်းကပစ်လို့ ၎င်းမှာ ဦးခေါင်းပွင့်ထွက်၊ ဘယ်ဘက်ခြေထောက် ကျည်ထိမှန်သေဆုံးသွားပြီး PDF တပ်ဖွဲ့ဝင် ၂ ဦးကတော့ လက်နဲ့ခြေထောက်မှာ ထိမှန်ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
PDF တပ်ဖွဲ့ဝင်တွေကိုင်ဆောင်သွားတဲ့ လက်နက် ၁ လက်နဲ့ ဖုန်း ၁ လုံးကိုတော့ စစ်ကောင်စီဘက်က သိမ်းဆည်းပြီးနောက်မှာ အဲ့ဒီနေ့မှာပဲ တောင်သာကျေးရွာဘက်ပြန်ဆုတ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသူရဲ့အလောင်းကိုတော့ ဒေသခံတွေကကောက်ယူပြီး ညနေပိုင်းမှာပဲ ရွာသင်္ချိုင်းမှာပဲ မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒဏ်ရာရသွားတဲ့ ရဲဘော် ၂ ဦးကတော့ သက်ဆိုင်ရာတပ်ရင်းဆီပြန်ရောက်သွားပြီး ဒဏ်ရာတွေကိုလည်း ဆေးကုသနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကင်းပုန်းက ပစ်ခတ်မှုဖြစ်ပြီး တောင်သာကျေးရွာကိုပြန်ဆုတ်သွားစဥ် တောင်သာကျေးရွာ ဘက်ကနေ မြေပဒုံကိုပြန်လာတဲ့ မြေပဒုံရွာသား ဦးလှမြင့်၊ မောင်ငြိမ်း၊ အောင်ဇော်မင်း ၃ ဦးကို ဖမ်းဆီးသွားပြီးနောက် နောက်တရက်မှာ သူတို့ ၃ ဦးကို ငွေကျပ်သိန်း ၇၀ နဲ့ မိသားစုဝင်တွေကပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၅ ရက်ကနေ ၂၇ ရက်အတွင်း ချောက်မြို့နယ်၊ နရွဲတောနဲ့ ရွာမကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးချိန် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့တွေဘက်က ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်က ပျူစောထီး ၁ ဦးသေဆုံးပြီး အရာရှိ ၁ ဦး အပါအဝင် ဒဏ်ရာရသူအများအပြားရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ချောက် #ကင်းထောက် #ပစ်ခတ်ခံရ #သေဆုံး
Share Share Share