Skip to main content

ပဲခူးတိုင်းစစ်ကောင်စီက ဆိုင်ကယ်လိုင်စင်များလုပ်ပေးကာ ငွေသန်းထောင်ချီရှာရန်ပြင်ဆင်

sdlkjf

မြေလတ်အသံ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီး စစ်ကောင်စီအဖွဲ့က ဒေသတွင်းရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးရန် ပြင်ဆင်ကြေညာနေကြောင်း မြို့ခံများထံကသိရသည်။

အဆိုပါတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များဖြစ်သော ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည်ခရိုင် ကညနရုံးများတွင် ဇန်နဝါရီ ၂၃ ရက်နေ့မှစတင်ကာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြို့တွင်း ကြေညာဆိုင်းဘုတ်များလိုက်လံကပ်ကာ နှိုးဆော်နေခြင်းဖြစ်သည်။

"ဒါကတော့ လုပ်နေကြအတိုင်းပါပဲ။ ပြည်သူကိုအာရုံလွဲနည်းတမျိုးလည်းဖြစ်သလို သူတို့ငွေရှာနည်းပေါ့။ လိုင်စင်လုပ်ပေးမယ်ဆိုတော့ တော်ရုံလူကမငြင်းဘူးလေ သွားလုပ်ကြတာပဲ။ နောက်သူတို့က လိုင်စင်မဲ့တွေဆို တားဆီးစစ်ဆေး ငွေညှစ်ဖမ်းဆီးနေတော့ လိုင်စင်မရှိတဲ့သူတွေက လာလုပ်ကြမှာပဲ။ " လို့ နတ္တလင်းမြို့ခံအမျိုးသားတဦး ကပြောသည်။

စစ်ကောင်စီက ပဲခူးတိုင်းအပါအဝင် ၎င်းထိန်းချုပ်ထားနိုင်ရာဒေသများတွင် မော်တော်ဆိုင်ကယ်လိုင်စင်များ၊ ယာဉ်မောင်းလိုင်စင်၊ ဘတ်မှန်၊ ဆိုင်ကယ်စီးဦးထုပ် နှင့် အခြားအရာများကို စစ်ဆေးကာ ဆိုင်ကယ်သိမ်းခြင်း၊ လူဖမ်းဆီးခြင်းနှင့် ငွေညှစ်မှုများ ပြုလုပ်နေတာကြောင့် အခြေခံလူတန်းစားများ အလုပ်အကိုင်နှင့် သွားလာရေးခက်ခဲနေကြောင်း မြို့ခံများထံကသိရသည်။

"သူတို့က မထင်ရင်မထင်သလို မြို့အဝင်အထွက် လမ်းဆုံတွေမှာ တားစစ်တယ်။ ကျမတို့ကလည်း ဆိုင်ကယ်နဲ့ မြို့တွေရွာတွေကို ဈေးလှည့်ရောင်းရတာလေ။ တခါတလေ ရှိတာလေး ပေးခဲ့ပြီးတောင်းပန် ပြန်ခဲ့ရတယ်။ တချို့လည်းဆိုင်ကယ်မသုံးပဲ စက်ဘီးနဲ့သွားနေတာတွေ ရှိတယ်။ တောနဲ့ ကျမတို့လိုမြို့အစွန်အဖျားကလူတွေမှာ ဆိုင်ကယ်လိုင်စင်လူလိုင်စင်ဆိုတာ ဘာမှရှိတာမဟုတ်ဘူး။ ဆိုင်ကယ်တောင် တရုတ်အစုတ်စီးနေတာ လုပ်မယ့်သူများမှာပေါ့" ဟု ပြည်မြို့ဆင်ခြေဖုံးရပ်ကွက်ရှိ အမျိုးသမီးတဦးကပြောသည်။

ဆိုင်ကယ်လိုင်စင်ပြုလုပ်ပါက ၁ စီးလျှင် ၃၀၀၀၀ ကျပ်ကုန်ကျများဖြစ်ကာ ယင်းသတ်မှတ်နှုန်းမှာ တရားဝင်ဖြစ်ပြီး တရားမဝင်ပေးဆောင်မှုများ ပွဲစားခ တန်းစီလူစားထိုးခများပေါင်းပါက ၅၀၀၀၀ ကျပ်ခန့်ကုန်ကျများဖြစ်ကြောင်း ကြေညာထားသည်။

ပဲခူးတိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ်သိန်းချီရှိရာ ပြည်သူလူထုထံက ငွေသန်းထောင်ချီရှာရန် ပြင်ဆင်နေခြင်းဖြစ်သည်။

သတင်း - 007

#မြေလတ်အသံ

Catagories