စစ်ကိုင်းမှာ ရွာ ၁၅ ရွာပေါင်းပြီး PDF ကို ဆန်နဲ့စားနပ်ရိက္ခာတွေထောက်ပံ့

စစ်ကိုင်း၊ ဇန်နဝါရီ ၂၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၁၅ ရွာကဒေသခံတွေပူးပေါင်းပြီး Myanmar Defense Force - MDF တပ်ရင်းက ရဲဘော်တွေအတွက် ဆန်နဲ့ စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဆန်တင်း ၅၀ ကျော်၊ ဆီပုံး ၃ ပုံးနဲ့ အခြားသောဟင်းသီး ဟင်းရွက်တွေကို ဇန်နဝါရီလ ၂၁ ရက်ဒီကနေ့မှာ ထောက်ပံ့ခဲ့တာလို့ Myanmar Defense Force - MDF တာဝန်ခံက ပြောပါတယ်။
“အခုလိုထောက်ပံ့တဲ့အပေါ်မှာ အတိုင်းမသိဝမ်းသာတာပေါ့၊ ကျနော်ရပ်တည်နေရတာကလည်း စားနပ်ရိက္ခာအစ လက်နက်တွေဝယ်ဖို့ ဘတ်ဂျက်တွေလိုအပ်နေတာ၊ ကျနော်တို့ကအာဏာရှင်စနစ်ဆိုးကိုမကြိုက်လို့ တော်လှန်နေရပေမယ့် ငွေရေးကြေးရေးအပိုင်းမှာ ဘက်ဂရောင်းမရှိကြဘူး။ လက်ရှိတော်လှန်နေတာကလည်း ကျနော်တို့မှာ အိုးပစ်အိမ်ပစ်နဲ့ ဆိုတော့ အခက်အခဲတွေကြုံနေရပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ အခုလိုတပ်ဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးအတွက် တထောင့်တနေရာကနေ ထောက်ပံ့ပေးတဲ့အပေါ် ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။
ထောက်ပံ့ပေးခဲ့တဲ့ ကျေးရွာအမည်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။
Myanmar Defense Force – MDF အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းစစ်ကောင်စီတော်လှန်တိုက်ထုတ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းမှာလည်း အခြားသောမဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ချင်းတွင်းမြစ်ကြောင်းတလျောက်ဖြတ်သန်းလာတဲ့ စစ်ကောင်စီရေယာဥ်တွေကို တလနီးပါးထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း − ဒိန်းဂျား၊ စာတည်း − လင်း