Skip to main content

တမခ ၁၀၁ ကစစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်

ksdjf

ပခုက္ကူ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေထွက်လာတဲ့ စစ်သားအင်အား ၉၀ ပါဖောကား ၆ စီးကို ဒေသခံကာကွယ်ရေးတပ်တွေက ဇန်နဝါရီလ ၂၁ ရက်မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ကမ္မဘက်ကိုဦးတည်ထွက်လာတဲ့ အဲ့ဒီစစ်ကောင်စီကားတွေကို ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးမှာတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

“မနေ့ကမနက် ၆ နာရီခွဲမှာ ပခုက္ကူဘက်ကနေ ကမ္မဘက်ကိုထွက်လာတဲ့ ဖောကား ၆ စီးကို မိုင်းပွိုင့် ၃ ပွိုင့်နဲ့ဆွဲတိုက်ခိုက်တာ ကမ္မဘက်ကိုသွားတဲ့ ကန်တော်ရွာအကျော်မှာဆွဲခဲ့တာ၊ ဖောကား ၆ စီး နဲ့ ၉၀ ကျော်ပါလာတာ၊ ပခုက္ကူ တပ်မ ၁၀၁ ထဲက ထွက်လာကြတာ၊ မနေ့ကတော့ ကမ္မက နာရေးကားတွေနဲ့ သယ်နေကြတယ်”လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က စစ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရတယ်လို့ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက်ကလည်း မြိုင်မြို့နယ်၊ သရက်ကွရွာဘက်ကိုရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း − လင်း

#မြေလတ်အသံ

Catagories