အရာတော်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရလို့ ၃ ဦးဒဏ်ရာရ

အရာတော်၊ ဇန်နဝါရီ ၂၂၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့က စစ်ကောင်စီစစ်ဆေးရေးဂိတ် ဇန်နဝါရီလ ၂၁ ရက်မနေ့ကနေ့လယ် ၁၂ နာရီခန့်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာပြင်းထန်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
အင်အား ၁၅ ဦးခန့်ရှိတဲ့ အရာတော်မြို့အနောက်ဘက် ကားလမ်းမပေါ်က စက်မှုလယ်ယာစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးအဖွဲ့တွေက ဒရုန်း ၁ စီးနဲ့ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Danger Force LPDFမှ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန်ကပြောပါတယ်။
"သေစေလောက်တဲ့အထိ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ စကစသုံးကောင်ကို ကား ၁ စီးနဲ့ ဆေးရုံကိုပို့ခဲ့ရတယ်လို့ မြေပြင်ကင်းထောက်တွေက ပြောလာတယ်"လို့ ဆိုပါတယ်။
အခုလိုတိုက်ခိုက်ခံရပြီးနောက် ဂိတ်မှာကျန်ရှိခဲ့တဲ့စစ်ကောင်စီတပ်သားတွေက ဘေးပတ်ဝန်းကျင်တွေကို လက်နက်ငယ်တွေနဲ့ယမ်းသမ်းပစ်ခတ်တဲ့အပြင် ဂိတ်ကိုလည်းပိတ်ပြီးတော့ လမ်းသွားပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်ခဲ့တယ်လို့ ကိုမာန်ဟုန်ကဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Danger Force LPDF၊ Ngwe Dwin Revolution Force(NDRF)၊ MRTF တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၃ ရက်မှာလည်း အဆိုပါဂိတ်ကို Danger Force LPDF အပါအဝင်ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
သတင်း − အောင်စိုး၊ စာတည်း − လင်း