Skip to main content

မုံရွာက ဆေးရုံ ၂ ရုံကို စစ်ကောင်စီအဖွဲ့တွေဝင်စီး

lakh

မုံရွာ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က ပုဂ္ဂလိက ဆေးရုံ ၂ ရုံကို စစ်ကောင်စီဘက်မှ ဝင်ရောက်စီးနင်းရှာဖွေနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက်ဒီမနက် ၁၁ နာရီဝန်းကျင်မှာ ဒေါနခြံရပ်ကွက်၊ သာစည်မီးပွိုင့်နားက ရွှေတော်ဝင်ဆေးရုံနဲ့ ကူတိုးကုန်းရပ်ကွက် ရွှေတောင်မေတ္တာ အခမဲ့ဆေးရုံတို့ကို စစ်ကောင်စီဘက်က အင်အား ၁၅ ဦးခန့်စီနဲ့ ဝင်စီးရှာဖွေနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"ဒီမနက်ပိုင်းမှာ ဆေးရုံ ၂ ခုကို ဝင်ရှာတာကဟုတ်တယ်။ ရွှေတောင်မေတ္တာက အခမဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် ဖွင့်ထားတာ။ သိရသလောက်က စကစ ထောက်ခံတဲ့လီဂရမ်တွေကနေ ဒီဆေးရုံတွေမှာ CDM ဆရာဝန်၊ သူနာပြုတွေ အလုပ်လုပ်နေတယ်လို့ ဖွလို့ ဝင်စစ်တာ"လို့်ပြောပါတယ်။

ဒါအပြင် ရွှေတောင်မေတ္တာ ဆေးရုံဖွင့်ထားတဲ့ ပြည်လုံးချမ်းသာကျောင်းတိုက်ဆရာတော် နဲ့ ဆေးရုံကားတစီးကို စစ်ကောင်စီဘက်က ဖမ်းဆီးသိမ်းဆည်းသွားတယ်လို့သိရပေမယ့် ဒီဖြစ်စဥ်နဲ့ပက်သက်ပြီးအတည်ပြုနိုင်ဖို့ကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီအဖွဲ့တွေလာစစ်မယ်ဆိုတဲ့ သတင်းကြောင့် လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ရွေတောင်မေတ္တာဆေးရုံမှာ ဆေးရုံတက်နေတဲ့ လူနာတွေအပါအဝင် ဆရာဝန်၊ သူနာပြုတွေကို အခြားနေရာတွေဆီရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ ရွှေတော်ဝင်ဆေးရုံက ဆရာဝန်၊ သူနာပြုတွေကို ခေါ်ယူစစ်ဆေးခဲ့သလို ဆေးရုံ ၂ ရုံနားမှာလည်း ဒီနေ့လည့်ပိုင်းထိ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရွေတောင်မေတ္တာဆေးရုံကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့က ၃ ကြိမ်ထက်မနည်း ဝင်ရောက်စစ်ဆေးဖူးတယ်လို့ သိရပါတယ်။

ပုံစာ − ရွှေတော်ဝင်ဆေးရုံ။

သတင်း − ကျော်ကြီး၊ စာတည်း − လင်း

#မြေလတ်အသံ

Catagories