Skip to main content

မြင်းမူက စစ်အုပ်စုတပ်စခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

sjdf

မြင်းမူ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၂၂ ရက်ဒီမနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြင်းမူမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ အဲ့ဒီတပ်စခန်းမှာ စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်တပ်စွဲနေပြီး သူတို့ဟာလမ်းသွားလမ်းလာပြည်သူတွေကိုလည်း ဆပ်ကြေးတောင်းတာတွေလုပ်နေတဲ့အတွက် ဒီမနက် ၁၁ နာရီဝန်းကျင်မှာ မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ -မြင်းခြံခရိုင်မှ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။

“လမ်းသွားလမ်းလာ ကားတွေ၊ဆိုင်ကယ်တွေကို နေ့တိုင်းငွေတောင်းယူ ရမ်းကားနေတဲ့စစ်**တွေပါ၊ အဲဒီစခန်းကို အနီးကပ် မီတာ ၁၀၀ ကနေပစ်ခတ်ခဲ့တာ။ စစ်** ၃ ကောင်သေပြီး ၂ ကောင်ထိခိုက်တယ်လို့ ကျနော်တို့သိရတယ်” လို့ ပြောပါတယ်။

ကာကွယ်ရေးတပ်တွေအနေနဲ့ အဲ့ဒီစခန်းကိုသိမ်းဖို့ကြိုးစားခဲ့ပေမယ့် ပြည်သူတွေရဲ့ကားတွေကဆက်တိုက်ဆိုသလို ဖြတ်နေတာကြောင့် ထိခိုက်မှာစိုးရိမ်လို့ ဆက်ပြီးမတိုက်ခိုက်ပဲ နောက်ဆုတ်ခဲ့ရတယ်လို့လည်း ဗိုလ်သက်ကြီးကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်နဲ့ GTR(MMU)၊ တပ်ရင်း (၂) စစ်ကိုင်းခရိုင် တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်ကလည်း စစ်ကိုင်းအခြေစိုက် တမခ ၃၃ ကနေ မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီကားကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်အဖွဲ့က နတ်ခရိုင်ရွာနဲ့ လယ်ကြီးရွာအကြားမှာ မိုင်းဆွဲခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း − လင်း

#မြေလတ်အသံ

Catagories