Skip to main content

ရေစကြိုကကျေးရွာလမ်းအချို့ကို စစ်အုပ်စုကဖျက်ဆီးလို့ ဒေသခံတွေအခက်တွေ့နေ

kjdf

ရေစကြို၊ ဇန်နဝါရီလ ၂၂၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကို ကျေးရွာတွေကနေလာမယ့်လမ်းတွေကို စစ်ကောင်စီကဖျက်ဆီးထားလို့ ဒေသခံတွေဟာ ဒေသထွက်ကုန်တွေကို မြို့ပေါ်တက်ရောင်းချရာမှာ အခက်ခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

လမ်းတွေကိုဖျက်စီးထားတာ တပတ်ကျော်တဲ့အထိကြာမြင့်ခဲ့ပြီး ကားတွေသွားလာလို့မရတာကြောင့် ဒေသထွက်ကုန်တွေဖြစ်တဲ့ ပဲ၊ ပြောင်း၊ စပါး၊ ရာသီ သီးနှံတွေကို ရေစကြိုမြို့ပေါ်တက်ရောင်းချဖို့ အခက်ခဲတွေရှိနေတာလို့ ဒေသခံတဦးကပြောပါတယ်။

"လမ်းတွေကို ဖျက်စီးထားတာက ၄ ပေ အကျယ် ၄ ပေအနက်လောက် ဘတ်ဟိုးတွေနဲ့တူးပြီးဖျက်ထားတာ။ ကားက လုံးဝသွားလို့မရဘူး။ ဆိုင်ကယ်လောက်ပဲ ဘေးကနေကပ်သွားလို့ရတယ်။ ဒီလမ်းတွေက ရွာတွေဘက်က ထွက်တဲ့ကုန်စည်ကို မြို့တက်ရောင်းဖို့ အဓိကကျတာလေ။ သူတို့တွေခုလိုလုပ်ထားတော့ ဒေသခံတောင်သူတွေဘဲ ဒုက္ခရောက်ရတာ"လို့ ပြောပါတယ်။

ဒေသထွက်ကုန်တွေကို ကား၊ ထော်လာဂျီတွေနဲ့သယ်ဆောင်သွားလာလို့မရဘဲ ဆိုင်ကယ်တွေနဲ့သာ အခေါက်ခေါက်အခါခါ သယ်ယူနေရလို့ ကုန်ကျစရိတ်ပိုကုန်ကျသလို အချိန်မှီတင်ပို့ရောင်းချဖို့လိုအပ်တဲ့ ရာသီပေါ်သီးနှံတွေလည်း ပျက်စီးတာတွေရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ခုလိုလမ်းတွေကို ဖျက်ဆီးတာဟာ PDF တွေကို ကားတွေနဲ့ မြို့ထဲကိုဝင်မရအောင်လုပ်ထားတာ ဖြစ်နိုင်တယ်လို့လည်း ရေစကြို ပကဖ တာဝန်ရှိသူက ခန့်မှန်းပါတယ်။

"စကစ ကတော့ ကျနော်တို့ PDF တွေ မြို့ထဲကို ကားတွေနဲ့မဝင်နိုင်အောင် လုပ်ထားတာဖြစ်နိုင်တယ်။ ဒါပေမယ့် လက်တွေ့အခက်ခဲဖြစ်တာက ပြည်သူဘဲ။ သူတို့ ဘယ်လို လုပ်ထားပါစေ ကျနော်တို့ဘက်ကတော့ လုပ်စရာရှိတာကို ဆက်လုပ်နေမှာပါပဲ။ ခုဟာကလည်း ရေစကြို လဝကရုံး မီးရှို့ခံရပြီးနောက် လုပ်ထားတာဖြစ်တယ်"လို့ ပြောပါတယ်။

စစ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်ဝန်းကျင်ကစပြီး ရွာသစ်-ရေစကြို၊ ညောင်စောက်-ရေစကြို၊ ရွှေကျောင်း-ရေစကြိုလမ်းပိုင်းတွေမှာ ရေစကြိုမရောက်ခင် တမိုင်ခန့်လောက်အလိုကတည်းက လမ်းတွေကို ဖျက်စီးထားတယ်လို့ သိရပါတယ်။

ရေစကြိုမြို့ထဲကိုဝင်မယ့် ပင်မမိန်းလမ်းမကြီးကိုတော့ ဖျက်ဆီးထားတာမရှိဘဲ ရွာချင်းဆက်လမ်းတွေကိုသာ ဖျက်ဆီးထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်မှာလည်း ရေစကြိုမြို့ပေါ်က လဝကရုံးကို PDF တွေက မီးရှို့ဖျက်စီးခဲ့လို့ ရုံးအဆောက်အဦးနဲ့ ရုံးအတွင်းစာရွက်စာတမ်းတွေ မီးလောင်ပျက်စီးခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှ ခုလိုလမ်းတွေကိုဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလကုန်ပိုင်းကလည်း ကူတုတ်ရွာကနေ ရေစကြိုမြို့ထဲလာတဲ့ လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်ဆို့ဖျက်စီးတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း − ကျော်ကြီး၊ စာတည်း − လင်း

#မြေလတ်အသံ

Catagories