ညောင်လေးပင်မှာ မိသားစု ၃ ဦး နေအိမ်မှာအသတ်ခံရ

ညောင်လေးပင်၊ ဇန်နဝါရီ ၂၃၊ ၂၀၂၃။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဆွဲဒလဲကျေးရွာအုပ်စု၊ ပုဇွန်မြောင်ကျေးရွာ ဆွဲဒလဲပိုင်းမှာ မိသားစု ၃ ဦး နေအိမ်မှာအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၂ ရက်မနေ့ကမနက် ၄ နာရီခန့်မှာ ဆွဲဒလဲပိုင်းနေ ဦးဝင်းဌေး ၅၀ နှစ်ခန့်နေအိမ်ကို လက်နက်ကိုင်လူတစုကဝင်ရောက်လာပြီး နေအိမ်အတွင်း အိပ်နေသူတွေကိုပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"သူတို့မိသားစု နေအိမ်ထဲမှာ အိပ်နေချိန်လာပစ်သွားတာလို့ သိရတယ်။ သူက အရပ်ထဲမှတော့ သတင်းပေးဆိုပြီး အသံတော့ထွက်နေတာရှိတယ်။ ဒါပေမယ့် ဟုတ် မဟုတ်ကတော့အတည်မပြုနိုင်ဘူး။ ဘယ်အဖွဲ့က ဘာကြောင့်လာလုပ်သွားလဲဆိုတာတော့ သေချာမပြောနိုင်ဘူး"လို့ ပြောပါတယ်။
လက်နက်ကိုင်လူတစုက ပစ်သတ်လို့ နေအိမ်မှာရှိနေတဲ့ ဦးဝင်းဌေး၊ သားဖြစ်သူ မောင်လင်းလင်း၊ သမီးဖြစ်သူ မသဇင်လှိုင်တို့မှာ သေနတ်ဒဏ်ရာတွေရပြီး နေရာမှာဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ မိသားစုဝင်တွေရဲ့ အလောင်းကိုတော့ မနေ့ကနေ့လည်ပိုင်းမှာ ဒေသခံတွေရဲ့ အကူအညီနဲ့ သဂြိုလ်ခဲ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ့ပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်ပစ်သတ်သွားတယ်ဆိုတာ ထုတ်ပြန်ထားတာမတွေ့ရသေးသလို အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူဆီ မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ရာ ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာမသိရသေးဘူးလို့ ဖြေဆိုခဲ့ပါတယ်။
သတင်း − ကျော်ကြီး၊ စာတည်း − လင်း