"ခွဲခြားဆက်ဆံတာတွေကိုပါ တွန်းလှန်နေတဲ့ PDF ရဲမေ"

"ခွဲခြားဆက်ဆံတာတွေကိုပါ တွန်းလှန်နေတဲ့ PDF ရဲမေ"

PDF တပ်ဖွဲ့ထဲကို ဝင်ရောက်သွားခဲ့ချိန်မှာ လူအများစုက တန်းတူဆက်ဆံကြပေမဲ့လည်း လူနည်းစုတချို့ကတော့ ခွဲခြားဆက်ဆံခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ မမီမီမောင်က ပြောပါတယ်။

“ကျမ စကားပြောတဲ့အခါတွေမျိုးဆို ရှောင်ထွက်သွားတယ်။ ကျမတို့ရဲ့ ဘာသာရေးနေ့မှာလည်း မုန့်ကျွေးတာကို မသိသလိုနဲ့ လှည့်ထွက်သွားကြတယ်” လို့ ဆိုပါတယ်။


ခန္ဓာကိုယ် ပြည့်ပြည့်တင်းတင်း၊ အသားညိုညို ဆံပင်ကောက်ကောက် စကားပြောရင်လည်း အသံဝဲတဲတဲနဲ့ သူမဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့သူတဦးပဲ ဖြစ်ပါတယ်။ အသက် (၂၂)နှစ်အရွယ် မမီမီမောင်မှာ အဖေ၊ အမေနဲ့ ညီမလေးတယောက် ရှိပါတယ်။

“ဖယ်ကျဉ်ခြင်း ခံရတာကတော့ ခဏခဏပါပဲ။ အတန်းထဲမှာဆိုလည်း အတန်းဖော်၊ ဆရာ/ဆရာမတွေရဲ့ ဖယ်ချန်ခြင်းကို ခံရတယ်။ သူက ကုလားမို့လို့ မပေါင်းရဘူး ဆိုတာမျိုးတွေ၊ အတန်းဖော်တယောက်က ကိုယ်နဲ့စကားလာပြောရင်လည်း ဆရာမတွေက မပြောခိုင်းတာ အသက်အရွယ်နဲ့မမျှတဲ့ ခံစားခြင်းမျိုးတွေကို ငယ်ငယ်ကတည်းက ခံစားလာခဲ့ရတယ်” လို့ သူမက ပြောပါတယ်။

တနင်္သာရီတိုင်း၊ မြို့တမြို့က အစ္စလာမ်အမျိုးသမီးတဦးဖြစ်တဲ့ သူမဟာ ကျောင်းစတက်တဲ့နေ့မှာပဲ ခွဲခြားဆက်ဆံခြင်းကို စတင်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အတန်းဖော်အများစုဟာ သူမကို နာမည်မခေါ်ပဲ “ကုလား ကုလား” ဆိုတဲ့ အသုံးနှုန်းတွေကို ပျော်ရွှင်စွာ ခေါ်ဆိုခဲ့ကြပါတယ်။ အဲလိုခေါ်ဆိုနေတာကို ဆရာ၊ဆရာမ တချို့ကလည်း တားမြစ်တာမျိုးမရှိဘဲ အဲဒီလိုခေါ်ဆိုတဲ့အပေါ်မှာ ဘာတုန့်ပြန်မှုမှ မရှိခဲ့တဲ့အခါ ခေါ်ဆိုခွင့်ပြုသလို ခွင့်ပြုထားတဲ့သဘောလို့ သူမပြောပါတယ်။

အခုလိုခွဲခြားဆက်ဆံခံရလို့ မနက်မိုးလင်းလို့ ကျောင်းသွားရမှာကိုပင် စိုးရိမ်ခဲ့တယ်လို့ ပြောပါတယ်။ ခွဲခြားဆက်ဆံခံနေရစဉ် အတောအတွင်းမှာပဲ ၂၀၁၃ မတ်လမှာ မိတ္ထီလာ (ဘာသာရေးပဋိပက္ခ) အရေးအခင်းဟာ စတင်ဖြစ်ပွားလာခဲ့ပါတယ်။

အဲ့လိုအရေးအခင်းဖြစ်နေချိန်မှာ မမီမီမောင်ဟာ စာသင်ကျောင်းကိုသွားချိန် သူနဲ့ရွယ်တူ အမျိုးသားကဲ့သို့ ဝတ်စားနေထိုင်တဲ့ LGBT အမျိုးသမီးတစုရဲ့ ထိုးနှက်မှုကို ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူမ ၄ တန်း ကျောင်းသူလေးပဲ ရှိပါသေးတယ်။

“ကျမရဲ့ နဖူးကို လက်သီးနဲ့ထိုးခဲ့တာကတော့ အမှတ်တရပါပဲ” လို့ ပြောပါတယ်။

အခုလို ကျောင်းက ဆရာ/ဆရာမတွေနဲ့ အတန်းဖော်တွေက ဖယ်ကျဉ်ထားပေမဲ့လည်း အဆိုပါ အဖြစ်အပျက်တွေကို လူကြီးမိဘတွေကို တိုင်တန်းခြင်းမရှိခဲ့သလို သူမအပေါ် ခွဲခြားဆက်ဆံခဲ့ပြီး နာကျင်အောင် လုပ်ခဲ့တဲ့လူတွေအပေါ် စိတ်မဆိုးဘူးလို့ သူမက ဆိုပါတယ်။

“အခုချိန်ထိလည်း အိမ်က အဖေအမေတွေက မသိပါဘူး။ သူတို့ကိုလည်း ပြန်မပြောပြဘူး။ အဖေ၊ အမေတို့ကလည်း လူမျိုးခြား ခွဲခြားတာမျိုးတွေ မရှိပါဘူး။ သူတို့ (ခွဲခြားဆက်ဆံသူတွေ) မုန်းတိုင်းလည်း ကိုယ်ကမုန်းလို့မှမရတာ” လို့ ဆိုပါတယ်။

သူမကိုးကွယ်တဲ့ဘာသာကြောင့် လူများစွာရဲ့ ဖယ်ကျဉ်ခြင်းကို ခံရပေမဲ့လည်း အစ္စလာမ်ဘာသာဝင် ဖြစ်ရခြင်းကို နောင်တမရဘူးလို့လည်း ဆိုပါတယ်။ မိမိကိုယ်တိုင်ကလည်း အခုလို လူမျိုးခြား ခွဲခြားဆက်ဆံခြင်း လုပ်ရပ်မျိုးတွေ မလုပ်ကြောင်းနဲ့ ဘယ်ဘာသာကိုမဆို လေးစားကြောင်းကိုလည်း သူမကပြောပါတယ်။

“ကျမတော့ ဘာသာတိုင်း၊ လူမျိုးတိုင်းကို ချစ်တယ်။ လေးစားတယ်။ ဘယ်တော့မှ မစော်ကားဘူး။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကိုလည်း ဝင်ဖူးတယ်။ ဝင်တဲ့အချိန်မှာလည်း ဖိနပ်ချွတ်တယ်။ သီလရှင်ဆရာလေးတွေကိုလည်း ပိုက်ဆံလှူဖူးတယ်။ ခရစ်ယာန်ဘုရားကျောင်းလည်း သွားဖူးတယ်” လို့ ဆိုပါတယ်။

ခွဲခြားဆက်ဆံခံနေရင်းနဲ့ပဲ အဝေးသင်တက္ကသိုလ် တက်တဲ့အချိန်ထိလည်း ခွဲခြားဆက်ဆံခံနေရဆဲဖြစ်တယ်လို့ သူမက ပြောပါတယ်။

တက္ကသိုလ်တက်ရောက်တဲ့အချိန်မှာ အများနည်းတူ မြန်မာရင်ဖုံးနဲ့ မျက်နှာကို မိတ်ကပ်တချို့ လိမ်းခြယ်ခဲ့ပေမဲ့လည်း သက်တူရွယ်တူ အမျိုးသမီးတဦးက “ဝက်မ အသားကလည်းမဲနေရော ဘာတွေဝတ်စားလာမှန်း မသိဘူး” စတဲ့ဆိုးရွားတဲ့ စကားတွေနဲ့ ထိုးနှက်ပြောဆိုခဲ့တာကိုလည်း မှတ်မှတ်ရရခံခဲ့ရတာကို ပြောပြပါတယ်။

အဲဒီလို ခွဲခြားဆက်ဆံမှုတွေကြောင့် သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ စိတ်မပျော်တော့ဘဲ အလုပ်လုပ်ချင်တဲ့စိတ် ဖြစ်ပွားခဲ့ပြီး ကျောင်းသူဘဝကို စွန့်လွှတ်ကာ အရဲစွန့်ပြီး ဖုန်းဆိုင်တခုမှာ သွားပြီး အလုပ်လျှောက်ခဲ့ပါတယ်။

အဲ့ဒီမှာပဲ သူ့ရဲ့ဘဝမှာ တခါမှမကြုံဖူးတဲ့ အဖြစ်အပျက်မျိုးနဲ့ ပထမဆုံး စတင်ကြုံတွေ့ခဲ့ပါတယ်။ အလုပ်ခွင်ထဲမှာရှိတဲ့ သူဌေးနဲ့ ဝန်ထမ်းတွေဟာ ခွဲခြားခြင်းမရှိဘဲ တန်းတူပေါင်းသင်းဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။

“ကျမအလုပ်ရွေးလိုက်တာ မှန်သွားတယ်လို့ ပြောရမယ်။ အလုပ်က လူတွေအားလုံးက တန်းတူပဲ ဆက်ဆံတယ်။ အပြင်သွားလို့ မုန့်စားတဲ့အခါမျိုးတွေမှာလည်း ကျမကို ဖယ်ချန်ထားတာမျိုးတွေ မလုပ်ဘူး။ ကျမစားလို့မရတဲ့ အသားတွေပါရင် သူတို့ကပြောပေးတယ်။ ကျမဘဝမှာ ပထမအကြိမ် ကြည်နူးမှုကို ခံစားရတာပဲ” လို့ ဆိုပါတယ်။

အလုပ်လုပ်ရင်း ၆ လအကြာမှာပဲ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ အများနည်းတူ သပိတ်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့အတွက် အလုပ်ကနေ ရပ်နားလိုက်ရပါတော့တယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး ဧပြီလအထိ သပိတ်စစ်ကြောင်းကို တရက်ကလေးမှ မနားဘဲ ပူးပေါင်းပါဝင်ခဲ့ပြီး ပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် မိဘတွေက သပိတ်စစ်ကြောင်းထဲ လိုက်ခွင့်မပေးခဲ့တာကြောင့် မမီမီမောင်ဟာ ရတဲ့နည်းနဲ့ နေအိမ်ကနေ ခိုးထွက်ပြီး ပူးပေါင်းပါဝင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ၅ လပိုင်းလောက်မှာတော့ ပရဟိတရုံးတခုမှာ သူမနဲ့အတူ အခြားပူးပေါင်းလုပ်ဆောင်တဲ့ လူငယ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်ရှာဖွေခဲ့လို့ နေအိမ်ကနေထွက်ခွာသွားပြီး အခြားကျေးရွာမှာ ၄ လနီးပါး သွားရောက်နေထိုင်ခဲ့ပါသေးတယ်။

နေထိုင်ရင်းနဲ့ပဲ Covid-19 ရောဂါဟာ ပိုမိုပျံ့နှံ့လာတဲ့အပြင် သေဆုံးသူတွေဟာလည်း များပြားလာချိန် အိမ်မှာကျန်ခဲ့တဲ့ မိသားစုကိုစိုးရိမ်တာကြောင့် ၈ လပိုင်းလောက်မှာ နေအိမ်ကို ပြန်ခဲ့ပါတယ်။

နေအိမ်ကိုပြန်ရောက်စဉ်မှာတော့ သပိတ်စစ်ကြောင်းမှာ ပူးပေါင်းပါဝင်မှု မရှိသလောက် နည်းပါးသွားခဲ့ပါတယ်။ သပိတ်စစ်ကြောင်းမှာ နည်းပါးသွားပေမဲ့လည်း CDM ဝန်ထမ်းတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ကူညီဆောင်ရွက်ပေးနေရင်းနဲ့ပဲ ၁၁ လပိုင်းလောက်မှာ သူမတို့ရဲ့အထွေထွေအတွင်းရေးမှူး ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၇ ဦးဟာ တရက်တည်းမှာပဲ စစ်ကောင်စီက ရဲစခန်းကို ဖမ်းခေါ်သွားခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ကျောင်းသားသမဂ္ဂတွေရဲ့ ဖုန်းတွေထဲမှာ မမီမီမောင်နဲ့အတူ အခြားကျောင်းသားတွေရဲ့ ကူညီထောက်ပံ့နေတဲ့ အချက်အလက်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက တွေ့ရှိသွားတဲ့အတွက် စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် PDF တပ်ဖွဲ့ထဲကို ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

“တောထဲရောက်တော့ လူတော်တော်များက အားပေးကြတယ်။ ခွဲခြားတာတွေ သိပ်မလုပ်ဘူး။ ကျမစားလို့မရတဲ့ အသားတွေချက်ရင် ကျမအတွက် ကြက်ဥတွေကြော်ပေးတယ်။ ကျမတို့ရဲ့ဗိုလ်ကြီးက ပြောတယ်။ ကိုယ်ယုံကြည်ရာကို ကိုးကွယ်လို့ရတယ်။ ဝတ်ပြုလို့ရတယ်။ တယောက်စ နှစ်ယောက်စလောက်ကတော့ ခွဲခြားဆက်ဆံတာတွေတော့ ရှိတယ်” လို့ ဆိုပါတယ်။

တောထဲမှာနေရင်း ဘာသာရေး အခါကြီးရက်မျိုးတွေမှာ စုထားတဲ့မုန့်ဖိုးလေးနဲ့ စခန်းထဲက ရဲဘော်တွေကို မုန့်တွေဝယ်ကျွေးခဲ့ပေမယ့် သူကျွေးတဲ့မုန့်ကို လူနည်းစုတစုက မစားကြဘဲ သူ့နားကနေ မသိသလို ထွက်ခွာသွားကြတယ်လို့ အခုလိုပြောပါတယ်။

“ကျမ စကားပြောတဲ့အခါမျိုးတွေဆို ရှောင်ထွက်သွားတယ်။ ကျမတို့ရဲ့ ဘာသာရေးနေ့မှာလည်း မုန့်ကျွေးတာကို မသိသလိုနဲ့ လှည့်ထွက်သွားကြတယ်” လို့ ဆိုပါတယ်။

သူမရဲ့ ကိုးကွယ်ယုံကြည်မှုကြောင့် ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ဖယ်ချန်ခြင်းတွေ၊ ခွဲခြားဆက်ဆံခြင်းကို ကြုံတွေခံစားခဲ့ရပေမဲ့လည်း အားမငယ်ဘဲ တနေ့နေ့မှာ ခွဲခြားဆက်ဆံခြင်းတွေ မရှိတော့တဲ့အထိ ပပျောက်သွားတဲ့အထိ ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိခဲ့ပါက လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံခြင်း၊ ဖယ်ချန်ခြင်း လုပ်ရပ်မျိုးတွေ နောင်လာနောင်သားတွေ ထပ်မံမကြုံတွေ့ မခံစားရအောင် တတ်နိုင်တဲ့ဘက်က လုပ်ဆောင်သွားမယ်လို့လည်း တောထဲက စခန်းတနေရာမှာ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေတဲ့ မမီမီမောင်က သူမရဲ့ ခိုင်မာတဲ့ယုံကြည်ချက်တွေကို ဆုပ်ကိုင်ထားကြောင်း ပြောပါတယ်။

ရေးသားသူ - နန်းခမ်း
​#မြေလတ်အသံ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10