"မ.အ.လ အမြီးကို မီးမရှို့ကြကြေး"

"မ.အ.လ အမြီးကို မီးမရှို့ကြကြေး"

 

"ရှက်ရမ်းရမ်းဖို့တော့ မဖြစ်နိုင်ဘူး။ ဒီအကောင်က ရှက်​ကြိုးနဲ့ချက်ကြိုး မှားအဖြတ်ခံထားရတဲ့ အကောင်ဗျ။ ဒီတော့ ဖြစ်နိူင်ချေများတာကတော့ ကြောက်ကန်ကန်ဖို့နဲ့ ကြောက်ချီးပန်းဖို့ များတယ် ဆရာရီးရဲ့"

ဤသည်ကား မ.အ.လအုပ်စု လတ်တလော ပြုမူလာနေခြင်းအပေါ် မိတ်ဆွေကြီး ကိုဘုန်း၏ ခတ်တည်တည် မှတ်ချက်ပြုမှုပါ အဆွေ။ ကိုဘုန်း၏ မှတ်ချက်အရဆိုလျှင်ဖြင့် ကြောက်ကန် အကန်မခံရအောင် မ.အ.လ ၏ ခြေထောက်များ ရိုက်ချိုးကြိုးတုပ် တခုခုလုပ်ဖို့ လိုသလို၊ ကြောက်ချီး အပန်းမခံရစေရန်အတွက် တခုခုဖြင့် ထိုးဆို့ ပိတ်ပင်ထားရန် အမှန်တကယ် လိုအပ်မည်ဟု အတွေးဝင်မိချေ၏။

"သိလား ဆရာရီး။ လူတယောက် ပျက်စီးချိန်တန်လာပြီဆိုရင် အဖျက်ပါရမီဖြည့်ပေးမယ့်သူတွေက အသင့်ပဲဗျ။ မြန်မာစကားရှိတယ်လေ၊ ကံဆိုးခြင်းဆိုသဟာကလာရင် ဘယ်တော့မှတခုထဲ မလာဘူး။ အဖေါ်နဲ့အပေါင်းနဲ့ ဆိုတာကိုးဗျ။ အခုလည်း မ.အ.လ အုပ်စု တခုလုံးတော့ သေချင်စော် နံစပြုနေလောက်ပြီဗျို့"

"သေချင်စော်ဆိုတာ ဘယ်လိုအနံ့မျိုးလဲဗျ ကိုရွှေဘုန်းရဲ့။ ခင်များဟာက ကြံကြံဖန်ဖန်ဗျာ"

"ဟဲဟဲ  ဆရာရီးကလည်း ရှေးမြန်မာကြီးတွေက မရှိပဲနဲ့တော့ ပြောခဲ့မယ် မဟုတ်ပါဘူး။ ဘယ်လိုအနံ့လဲ သိချင်ရင်တော့ မ.အ.လကြီး အာဏာလုခါနီးတုန်းက မီဒီယာတခုက အင်တာဗျူးသလို ဗျူးကြည့်ရမှာပဲ။ ဥပမာ..အဘ အနံ့ရပါသလားရှင့် ဘာညာပေါ့။ မ.အ.လ ကြီးကလည်း အနံ့မရဘူး ပြောရင် "ကိုဗစ်" သံသယ အဝင်မခံနိူင်တော့ "ရပါတယ် ရပါတယ်" လို့ ဖြေမှာပဲလေ။ မီဒီယာသမားကလည်း ပရိသတ်ဘက်လှည့်ပြီး "အဘက အနံ့ရတယ်လို့ ပြောပါတယ်ရှင့်" ပေါ့ဗျာ။ စစ်အာဏာရှင်ဆိုတော့ မီဒီယာကလည်း ဆက်မမေးရဲတော့ "အဘ အနံ့ရ" ဘာညာ ခေါင်းစီးစလုံးမဲကြီးနဲ့ သတင်းရေးပေါ့ဗျာ ဟားဟားဟား"

"ကိုရွှေဘုန်းရယ်  ရှာရှာဖွေဖွေ အတော်ပြောတဲ့လူဗျာ"

"အခုလည်း ကမ္ဘာ့မီဒီယာအတော်များများမှာ မ.အ.လ ဓာတ်ပုံကြီးက ဝေဝေဆာဆာပဲတဲ့ဗျို့။ ဘုရားထီးတင်၊ ဆွမ်းဆန်စိမ်းလောင်းလှူတာတော့ မဟုတ်ဘူး။ ထိုင်းမှာ မူးယစ်ဆေးဝါးလုပ်ငန်း စီးနင်းဖမ်းဆီးမှုထဲ မ.အ.လ မိသားစု ပိုင်ဆိုင်မှုတွေသိမ်းဆည်းရမိလို့ဆိုတဲ့ သတင်းက ဟော်လေးတကျိုး ဟိုးလေးတကြော်ပဲတဲ့ ဆရာရီးရ"

"ဟိုကာတွန်းစာအုပ်နာမည်နဲ့ ခရိုနီလက်နက်ပွဲစားကိစ္စလား ကိုဘုန်း"

"ဟုတ်တယ် ဆရာရီး။ ထွန်းမင်းလတ်ဆိုတဲ့ မြန်မာခရိုနီ စစ်လက်နက်ပွဲစားနဲ့ သူ့ရဲ့ကွန်ယက်ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချီမှုနဲ့ ထိုင်းရဲက စီးနင်းဖမ်းဆီးကြတာလေ။ အဲဒီမှာ မ.အ.လ သား အောင်ပြည့်စုံ ပိုင်ဆိုင်ထားတဲ့ တန်ဖိုးကြီး ကွန်ဒိုခန်းတခန်း ပိုင်ဆိုင်မှု အထောက်အထားရယ်၊ မ.အ.လ သမီး ခင်သီရိသက်မွန်ရဲ့ ထိုင်းဘဏ်စာအုပ်တွေကို ထိုင်းရဲက ရှာဖွေတွေ့ရှိထားကြောင်း Justice For Myanmar က ဖေါ်ထုတ်ရေးသားထားတဲ့အပြင်၊ အဲဒီကိစ္စတွေကို စုံစမ်းဖေါ်ထုတ်ပေးဖို့ တောင်းဆိုထားတယ်ဆိုပဲဗျို့။ လုံခြုံရေးကောင်စီက မ.အ.လတို့အတွက် အရေးယူဖို့ ထုတ်ပြန်ထားတဲ့ အမိန့်အမှတ် ၂၆၆၉ က မြန်မြန် အသက်ဝင်လာမယ် ထင်တယ် ဆရာရီးရေ။ ကုလမှာ အဲဒီဆုံးဖြတ်ချက်ချဖို့ ဆွေးနွေးတုန်းက တရုတ်ကြီးကလည်း သူ့ပြည်တွင်းရေးပါ ဘာညာလုပ်သေးတယ်ဆိုပဲ။ ရုရှကလည်း ကမ္ဘာ့တည်ငြိမ်ငြိမ်းချမ်းရေးကို မထိခိုက်ပါဘူး လုပ်ခဲ့သေးဆိုပဲဗျ။ ဟော အခုကျတော့ မ.အ.လ ဆိုတဲ့ တဇောက်ကန်းက မူးယစ်ရာဇာနဲ့ပါ ဆက်နွယ်နေပြီလေ။ မူးယစ်ဆေးဝါးကိစ္စကတော့ ပြည်တွင်းရေးပါ အာချာချာလုပ်လို့ မရတော့ဘူး မဟုတ်လား ဆရာရီးရဲ့"

"အစကတည်းကလည်း ပူတင်တို့က မ.အ.လ ဝမ်းသာအောင် လေလည်ပြရုံသက်သက်ပါ ကိုဘုန်းရာ"

"ဟုတ်တယ် ဆရာရီးရေ။ ကျုပ်တော့ ကုလဖိအား၊ Burma act ဖိအား၊ G.20တွေEUတွေက ဖိအားတွေကြောင့်၊ မ.အ.လ အုပ်စု ကြောက်ကန်ကန်မှာ စိုးသဗျို့။ သူတို့တွေက ဖိအားလောက်ပဲ ပေးနေမယ့်အစား လက်တွေ့ အကောင်အထည်ဖေါ်ပါစေပဲ ဆုတောင်းရတာပဲ။ အခုဟာက မ.အ.လအုပ်စုက မြေပြင်အနေထားမှာ ပီဒက်နဲ့ တော်လှန်ရေးအင်အားစုတွေကို မယှဥ်နိူင်တော့ လေကြောင်းကို အလွန်အကျွံ သုံးလာနေတာ သတင်းတွေထဲ ခဏခဏ တွေ့နေရတာလေ။ ဖိအားဖိအားနဲ့ ဟိုပုံပြင်ထဲက လယ်သမားလိုလည်း ဖြစ်မှာစိုးရသေးတယ် ဆရာရီးရဲ့"

"ဘယ်ပုံပြင်တုန်း ကိုရွှေဘုန်းရဲ့"

"ဒီလိုဗျ ဆရာရီးရ။ တခါတုန်းက လယ်သမားတစ်ယောက် ရှိသတဲ့။ သူ့မှာ စားရေရိက္ခာအတွက် ကြက်တွေ မွေးထားသပေါ့ဗျာ။ ကြက်တွေက တရက်တကောင် နှစ်ကောင် ပျောက်ပျောက်နေတော့ လယ်သမားက ညဘက်မှာ အခြေအနေ စောင့်ကြည့်တာပေါ့။ အဲဒီမှာ လယ်သမားဟာ တရားခံကို တွေ့တော့တာကိုးဗျ။ တရားခံက မြေခွေး။ ဒီကောင်က ညဘက်လာလာ ဆွဲတာလေ။ ဒါနဲ့ လယ်သမားလည်း ထောင်ချောက်ဆင်ပြီး မြေခွေးကို အရှင်ဖမ်းတာပေါ့။ မိလည်းမိရော လယ်သမားဟာလက်စားချေတဲ့အနေနဲ့ မြေခွေးရဲ့အမြီးကို လောင်စာအဝတ်တွေနဲ့ပတ်ပြီး မီးရှို့ လွှတ်လိုက်တာပေါ့။ မြေခွေးလည်း ပူလောင်လွန်းတော့ ပြေးမိပြေးရာ စွတ်ပြေးတာပေါ့ဗျာ။ အဲဒီမှာ လယ်သမားရဲ့ ရွှေရောင်တဝင်းဝင်းနဲ့ စပါးခင်းကြီးထဲ မြေခွေးက ပတ်ပြေးလိုက်တာ မြေခွေးလည်း သေရော လယ်သမားရဲ့ စပါးခင်းကြီးလည်း ပြာပုံအတိဖြစ်ကရောပဲတဲ့လေ။"

"ဘာလဲ ကိုရွှေဘုန်း၊ အခုလည်းမ.အ.လ အမြီးကိုတော့ လောင်စာပတ်မီးရှို့သလို ဖိအားပေး မနေကြပါနဲ့ဗျို့။ တခါတည်းသာကိစ္စတုံး စီရင်တော်မူကြပါလို့ ဝိုင်းအော်ပေးရတော့မယ်ပေါ့ ဟုတ်စ"

"ဟုတ်ပ ဆရာရီးရေ  ဟုတ်ပ"

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10