ကင်းပတ်နေတဲ့ရဲ ၄ ဦး ပစ်သတ်ခံရပြီး လက်နက်တွေပါသိမ်းဆည်း

ကင်းပတ်နေတဲ့ရဲ ၄ ဦး ပစ်သတ်ခံရပြီး လက်နက်တွေပါသိမ်းဆည်း

စစ်ကိုင်းတိုင်၊ မုံရွာမြို့၊ ရွှေဇလုတ်ရပ်ကွက်နဲ့ ကမ္မကျေးရွာအကြား မြို့ရှောင်လမ်းမှာ အရပ်ဝတ်နဲ့ ကင်းပတ်နေတဲ့ ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မုံရွာအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့တခုဆီက သိရပါတယ်။

မေ ၃၀ ရက်မနက် ၁၀ နာရီခန့်မှာ မုံရွာရဲစခန်းကနေထွက်လာတဲ့ အဆိုပါရဲတပ်ဖွဲ့ဝင်တွေကားကို မြို့ရှောင်လမ်းဘက်မှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

"ရဲတွေ အိမ်စီးကားနဲ့ ကင်းလှည့်နေတာကို သတင်းရလို့ စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်။ သေနတ် ၄ လက်ရလာတယ်။ ကားကတော့ပျက်စီးသွားလို့ မယူလာလိုက်ရဘူး။" လို့ တိုက်ခိုက်ရေးမှာ ပါဝင်ခဲ့တဲ့ မုံရွာအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့တခုရဲ့ တာဝန်ခံကပြောပါတယ်။

ပစ်ခတ်မှုအတွင်း ရဲအုပ် ကျော်ဝင်းသူ၊ ရဲဒုတပ်ကြပ် ကျော်စွာ၊ ရဲတပ်သား သိန်းထိုက်စိုးနဲ့ ရဲတပ်သား ညီညီစိုးပိုင်တို့ ၄ ဦးသေဆုံးခဲ့ပြီး ရဲတွေကိုင်ဆောင်လာတဲ့ အူဇီသေနတ် ၂ လက်၊ M4 ၁ လက်၊ G3 ၁ လက်တို့ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီအဖွဲ့တွေက စစ်ဆေးမှုတွေပြုလုပ်ပြီး အလောင်းတွေကိုသယ်ကာ ကားကိုတော့ ကရိန်းကားနဲ့ဆွဲသွားရတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။ 

လက်ရှိအချိန်ထိလည်း စစ်ကောင်စီအဖွဲ့ဟာ ကမ္မကျေးရွာဘက်ကိုစစ်ကြောင်းထိုးပြီး PDF အဖွဲ့တွေကို လိုက်ရှာနေတယ်လို့လည်း ဆိုပါတယ်။ 

မေ ၁၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က အိမ်စီးကားနဲ့ထွက်လာတဲ့ရဲတွေ မုံရွာ-ပုသိမ်လမ်းဆုံ၊ ရွှေတောင်ဦးကုန်းအနီးမှာ တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၆ ဦးသေကာ သေနတ် ၆ လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မုံရွာ #ရဲ #ကင်းလှည့် #ပစ်ခတ် #သေဆုံး #သေနတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10