ကနီမှာ စစ်ရှောင်ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ဖို့ အကူညီတွေလိုအပ်

ကနီမှာ စစ်ရှောင်ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ဖို့ အကူညီတွေလိုအပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက မီးဘေးသင့် စစ်ရှောင်ကလေးတွေဟာ တောတွင်းတနေရာမှာ စာသင်နေရတဲ့အတွက် စာသင်းကျောင်းဆောက်လုပ်ဖို့ အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ ကနီမြို့နယ်ထဲက ကျေးရွာတရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာ‌ကြောင့် ဒေသခံတွေဟာ ကျေးရွာထဲမှာ နေထိုင်လို့ မရတော့ဘဲ တောထဲမှာ အဆင်ပြေသလို နေထိုင်ခဲ့ရပါတယ်။

အဲ့ဒီထဲက ကျောင်းသား တရာကျော်ကိုလည်း တောထဲမှာ တဲထိုးပြီး စာသင်ကြားနေရတာ ၁၀ လကျော် ရှိပြီးဖြစ်တယ်လို့ ကနီဒေသခံ တဦးက ပြောပါတယ်။

“တဲက သုံးလုံးရှိတယ်။ တဲဆိုတော့ ဝါးတိုင်လေးတွေကို ၆ တိုင် ၈ တိုင်စိုက်ပြီး ဆောက်ထားတယ်။ တတဲ နဲ့ တတဲက နီးတော့ စာသင်တဲ့အခါ အဆင်မပြေဘူး။ အဆောက်အဦးတွေကလည်း အဆင်မပြေဘူး။ ကလေးတွေကလည်း တောထဲတောင်ထဲမှာ နေရတော့ ကျန်းမာရေးချို့တဲ့တာ အနည်းငယ် ရှိတယ်။ ကလေးတွေအတွက် အိမ်သာတောင် တလုံးပဲ ရှိတယ်။ နွေပြီးလို့ မိုးရောက်လာရင် ကလေးတွေကို ဘယ်လိုမှ စာသင်ကြားလို့ မရတော့ဘူး” လို့ ဆိုပါတယ်။

စာသင်ကျောင်းမှာ KG ကနေ Grade 7 အထိ ရှိပြီး ကျောင်းသားဦးရေ ၁၀၂ ဦး၊ ဆရာ၊ ဆရာမဦးရေ ၁၆ ဦး ရှိပါတယ်။ စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမ တော်တော်များများဟာ မိမိတို့စားဝတ်နေရေး ခက်ခဲလာတဲ့အတွက် နိုင်ငံခြားထွက်ပြီး အလုပ်တွေ သွားရောက်လုပ်ကိုင်ကြဖို့ ရှိတယ်လို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“ကျောင်းက ဆရာ၊ မတွေက လစာမရကြပါဘူး။ စေတနာ့ဝန်ထမ်းအနေနဲ့ပဲ သင်ကြားပေးတာပါ။ ရေရှည်ဖြစ်လာတော့ ဆရာ၊မ တွေကလည်း သူတို့မိသားစု စားဝတ်နေရေးတွေ ခက်ခဲလာတယ်။ အဲဒါကြောင့် တချို့က မြို့ပေါ်တက်ပြီး အလုပ်လုပ်ကြမယ်။ တချို့က နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြမယ်လို့တော့ ကြားထားတယ်” လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးတဲ့နေ့တွေမှာဆိုရင် စာသင်ကြားခြင်းကို ရပ်နားခဲ့ရပြီး စစ်ကြောင်း ပြန်လည််ထွက်ခွာသွားချိန်မှ စာသင်ကြားမှု ပြန်လည်ပြုလုပ်နေရတာပါ။

စာသင်ကျောင်း ဖွင့်လှစ်တဲ့နေ့ကစပြီး အခုချိန်ထိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ကသာ အဓိက ကူညီဆောင်ရွက်ပေးခဲ့ရပါတယ်။ ရေရှည်မှာတော့ ခက်ခဲလာတဲ့အတွက် မီးဘေးသင့် စစ်ရှောင်ကလေးတွေအတွက် အခက်အခဲများရှိလာတာကြောင့် အလှူရှင်များ လိုအပ်နေတယ်လို့လည်း ကနီဒေသခံက ပြောပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10