ကန့်ဘလူက ချပ်ကြီးရွာ စစ်တပ်စခန်းကို PDF ဝင်တိုက်ချိန် ရာသီဥတုအခြေအနေကြောင့် စခန်းမသိမ်းခဲ့ရ

ကန့်ဘလူက ချပ်ကြီးရွာ စစ်တပ်စခန်းကို PDF ဝင်တိုက်ချိန် ရာသီဥတုအခြေအနေကြောင့် စခန်းမသိမ်းခဲ့ရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ချပ်ကြီးကျေးရွာရဲ့ စစ်ကောင်စီတပ်စခန်းကို သြဂုတ် ၁၅ ရက် မနက် ၆ နာရီကျော်မှာ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရာသီဥတုအခြေအနေကြောင့် စခန်းကို မသိမ်းခဲ့ရဘူးလို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

ချပ်ကြီးကျေးရွာရဲ့ အနောက်ဘက်မီတာ ၅၀၀ အကွာရှိ တောင်ကုန်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၇၀ ကျော်တပ်စွဲထားတဲ့ စခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတွေက ၁၀ နာရီခန့်အကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဝင်တိုက်နေတဲ့အချိန်မှာ မိုးကတအားရွာတယ်။ မိုးကတော်တော်ကိုရွာနေတော့ အပြီးမသိမ်းနိုင်ခဲ့ဘူး။ စကစနဲ့ ပျူတွေ အသေအပျောက် များနိုင်တယ်။ ကျနော်တို့အဖွဲ့က အနီးကပ်မတိုက်ခိုက်ခဲ့ရဘဲ အဝေးကနေ လက်နက်ကြီးပစ်ကူပေးခဲ့ရလို့ ရလဒ်အခြေအနေကို မသိရသေးဘူး။" လို့ တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ကူပေးခဲ့ရတဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစီးနဲ့ ချပ်ကြီးရွာထဲကို ၁ ကြိမ်၊ မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာတစီးက ချပ်ကြီးရွာနဲ့ ၂ မိုင်ခန့်အကွာမှာရှိတဲ့ အင်ငုတ်တိုရွာကို ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ် လာရောက်ပစ်ခတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

"ချပ်ကြီးရွာထဲကို ဗုံးသီးနှစ်လုံးချသွားတယ်။ တိုက်ပွဲဧရိယာထဲမှာ မရှိတဲ့ အင်ငုတ်တိုရွာက ဘုန်းကြီးကျောင်းကို ချသွားလို့ ကျောင်းက တစစီဖြစ်သွားခဲ့တယ်။ တိုက်ပွဲမှာ ကျနော်တို့ဘက်က ရဲဘော်တယောက် ထိခိုက်ခဲ့တယ်" လို့ အထက်ပါ PDF ရဲဘော်က ပြောပါတယ်။

အင်ငုတ်တိုကျေးရွာဘုန်းတော်ကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့ပေမယ့် ဒေသခံပြည်သူတွေဟာ တိုက်ပွဲမဖြစ်မီအချိန်တွေမှာ ဘေးလွတ်ရာနေရာတွေဆီကို တိမ်းရှောင်နေခဲ့ကြတာကြောင့် ဒေသခံလူထုအထိ အခိုက်မရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့ #ချပ်ကြီးကျေးရွာ #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10