သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျေးရွာ ၂ ရွာက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားသလို ဒေသခံတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ် ။
အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကန့်ဘလူမြို့နယ် ကျီစုကျေးရွာမြောက်ပိုင်ရှိ စိုးမြတ်ရတနာဘုန်းကြီးအတွင်းက နှစ်ထပ်ကျောင်းဆောင် ၁လုံး၊ ဓမ္မာရုံ ၁လုံး၊ သံဃာတော်များအိပ်စက်ရာအဆောင် ၂ လုံး၊ မီးစက်များထားတဲ့အခန်း ၁ခန်းနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားပါတယ်။
"ဆွမ်းစားကျောင်းဆောင်ကိုလည်း မီးရှို့သွားတယ် အကုန်လုံးမလောင်သွားဘူး၊ ရွာထဲမှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်နေအိမ်စုစုပေါင်း ၁၇၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်၊ နောက်ထပ် နေအိမ် ၅၀ လောက်ကို မီးရှို့ထားပေမဲ့ နဲနဲပဲလောင်သွားတယ်" လို့ ကန့်ဘလူနယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ကျီစုရွာကို မီးရှို့ပြီး အဲ့ဒီနေ့ မွန်းလွှဲ ၂ နာရီကျော်လောက်မှာပဲ စစ်ကောင်စီတပ်သားတွေဟာ ကျောက်တိုင်ရွာထဲကိုဝင်ရောက်သွားပြီး နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
"ကျနော်တို့ နယ်မြေရှင်းလင်းရေးတော့လုပ်ပြီးပါပြီ။ မီးလောင်သွားတဲ့အိမ်ခြေအရေအတွက်ကိုတော့ စာရင်းမကောက်ရသေးတဲ့အတွက် အိမ်ခြေဘယ်လောက်မီးထဲပါသွားလဲဆိုတာ မသိရသေးပါဘူး ရွာသားတွေကိုလည်းရွာထဲမဝင်ခိုင်းသေးပါဘူး" လို့ကျောက်တိုင်ရွာ တာဝန်ခံတဦးက ပြောပါတယ် ။
တရက်တည်းမှာပဲ အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ အိုင်ပေါင်းချောင်ရွာက ဒေသခံ ၃၇ ဦးကိုဖမ်းကာ သူတို့တွေရဲ့ပစ္စည်းတွေကိုလည်းယူသွားပြီး ကာဘိုးပျုအထိုင်စခန်းထဲကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
အိုင်ပေါင်းချောင်ရွာမှာ ဖမ်းခံရတဲ့ ဒေသခံတွေက ၃၅ နှစ်ဝန်းကျင်အရွယ် အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ဖြစ်ပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာကထွက်လာပြီး ကာဘိုးပျူအထိုင်စခန်းမှာ တညအိပ်စခန်းချခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းပဲဖြစ်ပါတယ် ။
အောက်တိုဘာ ၃၁ရက် ဒီနေ့ မနက် ၆ နာရီလောက်မှာလည်း ကာဘိုးပျူအထိုင်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ကျီစုရွာနဲ့ ကျောက်တိုင်ရွာကို ဒရုန်းနဲ့ ဗုံးသီးချကာ ထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ကန့်ဘလူ #ရွာ၂ရွာ #စစ်ကောင်စီ #မီးရှို့ #အရပ်သား၄၀ #လူသားဒိုင်း #ဖမ်းဆီး
Share Share Share