သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက လမ်းပိုင် ၃ ခုမှာ စစ်ကောင်စီတပ်သားတွေကဂိတ်ချပြီး ကားသွားလာခွင့် ပိတ်ထားတာကြောင့် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၈ ရက်ကစတင်ပြီး ကန့်ဘလူ - စံပယ်နံ့သာ - မြစ်ကြီးနားလမ်းပိုင်း၊ ရွှေဘို - စံပယ်နံ့သာ - ကန့်ဘလူ - ကျွန်းလှ လမ်းပိုင်း၊ ရွှေဘို - မလယ်လမ်းဆုံ - ဇီးကုန်း - ထန်းကုန်း - ကန့်ဘလူ လမ်းပိုင်းတွေပေါ်မှာ ကုန်တင်ယာဥ်တွေနဲ့ ခရီးသည်တင်ယာဥ်တွေကို အဓိကဖြတ်သန်းခွင့်ပိတ်ထားပြီး အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကိုတော့ စစ်ဆေးပြီးသွားခွင့်ပေးတယ်လို့ ဆိုပါတယ်။
"ဘာကြောင့်ပိတ်တယ်ဆိုတာတော့ မသိရဘူး။ ဆိုင်ကယ်တွေလောက်ပဲ သွားလာခွင့်ပေးတယ်။ အစစ်ဆေးများတယ်။ ကားတွေဆို ပေးမဖြတ်ဘူး။ လက်ရှိလည်း ကန့်ဘလူမြို့ပေါ်မှာ ဦးဝါသဝရဲ့ ပျူစောထီးအဖွဲ့တွေကလည်း အင်အားပြတာတွေရှိနေတော့ စစ်ရေးအခြေနေကြောင့်လို့ပဲထင်တယ်"လို့ ဒေသခံတဦးကပြောပါတယ်။
အဆိုပါလမ်းပိုင်းတွေမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်းရှိနေပြီး စစ်ဆေးမှုတွေလည်း တင်းကျပ်နေကာ ကားလမ်းပိတ်တာတွေတော့မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လမ်းပိုင်းတွေကိုပိတ်ထားတာကြောင့် ဒေသခံတွေဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေအတွက် အခြားဒေသကိုသွားရောက်ဖို့ ဆိုင်ကယ်တွေကိုသာ အားကိုးပြီးသွားလာနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသထွက်ကုန်တွေဖြစ်တဲ့ စပါး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေကအစ အခြားမြို့နယ်တွေကို တင်ပို့ ရောင်းချဖို့လည်း အခက်တွေ့နေကြကာ ဒေသတွင်းစားသောက်ကုန်၊ ဆေးဝါးနဲ့စက်သုံးဆီတွေ ပြတ်လပ်တာမျိုး လတ်တလောမှာမရှိသေးပေမယ့် စျေးနှုန်းမြင့်တက်တာတွေတော့ ရှိလာတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စက်သုံးဆီ ဓာတ်ဆီတလီတာ ကျပ် ၄၀၀၀ ကျော်မှ ၆၀၀၀ ကြား၊ ဒီဇယ်တလီတာ ၄၅၀၀ ကျပ်မှ ၆၅၀၀ အထိ စျေးပေးဝယ်နေရသလို ဆန်၊ ဆီနဲ့ဆေးဝါးတွေမှာလည်း စျေးတက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းအချို့ဟာ သဖန်းဆိပ်ဆည်အနောက်ဘက်ရှိ ကျေးရွာတွေဘက်ကို စစ်ရေးလှုပ်ရှားတာတွေရှိနေသလို ကန့်ဘလူမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ဦးဝါသဝရဲ့ပျူစောထီးအဖွဲ့တွေဘက်က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #လမ်းပိတ် #ဒေသခံ #အခက်တွေ့
Share Share Share