ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းက အမျိုးသား ၃ ဦးသတ်ပြီး ၂ ဦးကိုဖမ်းထား

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းက အမျိုးသား ၃ ဦးသတ်ပြီး ၂ ဦးကိုဖမ်းထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အမျိုးသား ၃ ဦးကို သတ်ဖြတ်ပြီး နောက်ထပ်အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းက ဦးကင်းကြည်ကျေးရွာကို မီးဝင်ရှို့ပြီး အဲ့ဒီကျေးရွာက အသက် ၃၀ အရွယ် ကိုနိုင်မင်း၊ ကိုလှိုင်မင်းနဲ့ ကိုဇင်ကိုဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

"စကစနဲ့ ပျူတွေပေါ့။ ဦးကင်းကြည်ရွာက အိမ် ၆၀ ကျော်ကို မီးရှို့သွားတယ်။ ရွာထဲမှာရှိနေတဲ့ အရပ်သား ၃ ဦးကိုလည်းသတ်သွားတယ်။ ရွာက ဆန်တွေ၊ ဆီတွေကိုလည်း တိုက်သွားတယ်။"လို့ ကန့်ဘလူမှ တော်လှန်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ သြဂုတ်လ ၁၅ ရက်မှာ အသက် ၃၀ အရွယ် ကိုနိုင်လင်းနဲ့ သြဂုတ်လ ၂၂ ရက်မှာ အသက် ၆၆ နှစ်အရွယ် ဦးမြင့်ရွှေတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး သြဂုတ် ၂၇ ရက် ဒီကနေ့အချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။ အဖမ်းခံရသူတွေက ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာသားတွေ ဖြစ်ပါတယ်။ 

"ဒီအဖမ်းခံနှစ်ယောက်က အသက်ရှင်နေသေးတယ်လို့ကြားတယ်။ စစ်ကြောင်းမှာ ရိက္ခာတွေ ထမ်းပေးနေရတယ်တဲ့"လို့ အထက်ပါတော်လှန်ရေး ရဲဘော်က ပြောပါတယ်။

လက်ရှိစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအဖွဲ့ဟာ ကန့်ဘလူအခြေစိုက် ခမရ-၃၆၁ တပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ ကျွန်းလှနယ်က ပျူစောထီးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အဲဒီစစ်ကြောင်းဟာ ဒီကနေ့သြဂုတ် ၂၇ ရက်မှာ ချပ်ကြီးကျေးရွာကနေ ကျွန်းလှနယ်ဘက်ကို ပြန်နေပြီး ပင့်သာနဲ့ မကျီးကုန်းကျေးရွာအကြားကို ရောက်ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကြောင်းသွားရာလမ်းတလျှောက်ရှိ အင်းမ၊ ရှမ်းကုန်း၊ ဖလားရ၊ ပင့်သာ၊ ချောင်းခြား၊ ဇီးကုန်း၊ အင်ငုတ်တိုစတဲ့ ကျေးရွာက ဒေသခံတွေဟာလည်း သြဂုတ် ၁၅ ရက်ကစတင်ပြီး အိုးအိမ်စွန့်ကာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့သြဂုတ် ၁၅ ရက်မှာ ချပ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဲ့ဒီနယ်မြေကို စစ်အုပ်စုက အင်အားအများအပြားနဲ့စစ်ကြောင်းထိုးနေခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ကန့်ဘလူ #စစ်ကောင်စီစစ်ကြောင်း #သတ်ဖြတ် #ဒေသခံ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10