ကန့်ဘလူမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခုတိုက်ခိုက်ခံရပြီး နှစ်ဘက်ထိခိုက်ရှိ၊ အရပ်သား ၃ ဦးသေဆုံး

ကန့်ဘလူမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခုတိုက်ခိုက်ခံရပြီး နှစ်ဘက်ထိခိုက်ရှိ၊ အရပ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီး၊ မင်းကုန်းနဲ့ သင်ပေါင်းကျင်းကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံခဲ့ရပြီး နှစ်ဘက်ထိခိုက်ကာ အရပ်သား ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ မြေပြင်တိုကိခိုက်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဩဂုတ် ၁၅ ရက် မနက် ၅ နာရီခန့်မှာအင်အား ၄၀ ကျော်ခန့်စီရှိနေတဲ့ ကျေးရွာ ၃ ရွာက စစ်ကောင်စီအဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

"စကစတပ်စွဲနေရာ သုံးခုကို တပြိုင်နက်ဝင်တိုက်ခဲ့ကြတာ။ သုံးနာရီလောက် တိုက်ပွဲဖြစ်ခဲ့တာ။ ညောင်ပင်ကြီးနဲ့ မင်းကုန်းထဲက စကစနဲ့ပျူတွေ ထွက်ပြေးလို့ သူတို့စခန်းနေရာထိ ရောက်ခဲ့ကြတယ်။ သင်ပေါင်းကျင်းကတော့ မဝင်နိုင်ခဲ့ဘူး" လို့ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ညောင်ပင်ကြီးကျေးရွာနဲ မင်းကုန်းကျေးရွာဟာ အရင်က တော်လှန်ရေးအဖွဲ့ထိန်းချုပ်ထားရာ ကျေးရွာတွေဖြစ်ပြီး စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်သိမ်းဆည်းထားတာကြောင့် ပြန်လည်တိုက်ယူရတာလို့ ဆိုပါတယ်။

သင်ပေါင်းကျင်းကျေးရွာ၊ လယ်လှရွာ၊ ယောရွာတွေကတော့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ညောင်ပင်ကြီးနဲ့ မင်းကုန်းက စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးထက် မနည်းထိခိုက်ဒဏ်ရာရပြီး လက်နက်တွေပါ သယ်ပြေးသွားတာကြောင့် လက်နက်သိမ်းဆည်းရမိမှု မရှိဘူးလို့ ဆိုပါတယ်။

သင်ပေါင်းကျင်းကျေးရွာတိုက်ပွဲမှာတော့ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့က ပစ်ခတ်လို့ တော်လှန်ရေးပူးပေါင်း တပ်တွေဘက်က ၆ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင်ပကဖ၊ ကန့်ဘလူမြို့နယ်ပကဖ၊ ကန့်ဘလူခရိုင်တပ်ရင်း ၃၊ တပ်ရင်း ၄ နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့ကြတာပါ။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လယ်လှရွာနဲ့ ယောရွာဘက်ကိုလည်း လက်နက်ကြီး ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ခဲ့လို့ အသက် ၃ နှစ်အရွယ် မောင်ဖိုးသင်္ကြန်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်မာကြည်၊ အသက် ၄၂ နှစ်အရွယ် ဒေါ်လွမ်းပိုတို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာတွေဟာ တနေရာနဲ့တနေရာ ၂ မိုင်ဝန်းကျင်ခန့် အကွာအဝေးရှိကြတယ်လို့ သိရပါတယ်။

လတ်တလောမှာ အဆိုပါကျေးရွာတွေအနီးဝန်းကျင်မှာ စစ်ကောင်စီအဖွဲ့ဝင်တချို့လည်း စစ်ကြောင်း ပြန်လည် ဝင်ရောက်လှုပ်ရှားနေသလို တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ရှိနေသေးတာကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့ #ညောင်ပင်ကြီး #မင်းကုန်း #သင်ပေါင်းကျင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10