ကန့်ဘလူမှာ စစ်တပ်က စစ်ကြောင်း ၅ ကြောင်းခွဲ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမှာ စစ်တပ်က စစ်ကြောင်း ၅ ကြောင်းခွဲ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ပင့်သာတိုက်နယ်တွေထဲကို စစ်ကောင်စီတပ်က အင်အား ၅၀၀ လောက်နဲ့စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရပြီး၊ နေအိမ်တွေပါ မီးရှို့ခံထားရတယ်လို့ သိရပါတယ်။
 
မတ်လ ၃ ရက် မနေ့ညနေပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ ကန့်ဘလူနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ မချမ်းဘောအခြေစိုက် ခလရ - ၁၃၇ တပ်အပါအဝင် ကိုးတောင်ဘို့အခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်၊ ကန့်ဘလူမြို့ပေါ်တပ်တွေစုပေါင်းကာ စစ်ကြောင်း ၅ ကြောင်းနဲ့ ဝင်ရောက်စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
 
ကန့်ဘလူမြို့နယ်က အင်းမ၊ ပုဏ္ဏားကြီး၊ ပင့်သာ၊ အောက်တဲ၊ ချပ်သင်း၊ ပုဏ္ဏားငယ်၊ ဇီးကုန်း၊ ပင့်သာကြီး၊ ဆားကျင်း၊ ပေါက်တော၊ နှောကုန်း စတဲ့ကျေးရွာတွေအပါအဝင် ရွာ ၁၀ ကျော်ကို စစ်ကြောင်းထိုးမီးရှို့ နေတာကြောင့် ဒေသခံ ၁ သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့တာဝန်ရှိသူ အမျိုးသမီးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။
 
“မနေ့ညနေကတည်းကစပြီး စစ်ကြောင်း ၅ ကြောင်းခွဲပြီး ရွာတွေကိုစစ်ကြောင်းထိုးနေတာ။ ရွာ ၁၀ ရွာကျော်က ဒေသခံ ၁ သောင်းလောက်ပြေးနေရတာပါ။ တချို့ရွာတွေကနေအိမ်တွေလည်း မီးရှို့ခံထားရတယ်” လို့ သူကပြောပါတယ်။
 
အဲ့ဒီတပ်တွေဟာ ချပ်သင်းကျေးရွာက နေအိမ် ၁၀ လုံးခန့်၊ အောက်တဲကျေးရွာက နေအိမ် ၄၀ လုံး၊ ပင့်သာကျေးရွာကနေအိမ် ၁၀ လုံးကျော်နဲ့ ပုဏ္ဏားကြီးနဲ့ ကံကြီးရွာကစစ်ရှောင်တဲ ၁၆ လုံး စုစုပေါင်းနေအိမ်နဲ့စစ်ရှောင်တဲ ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။
 
"စစ်ကြောင်းတွေက ခွဲပြီးလာကြတယ်။ ချပ်သင်းမှာရှိနေတဲ့ စကစ အဖွဲ့ကလည်း ချပ်သင်းကနေအိမ်တွေကို ပစ္စည်းယူ၊ မီးရှို့သွားပြီး ဟိုတလောကစခန်းသိမ်းခံလိုက်ရတဲ့ ချပ်ကြီးပျူရွာမှာ သွားစုနေတယ်။ အခြားဘက်ကလာတဲ့ စစ်ကြောင်းတွေကလဲရွာတွေမှာဝင် မီးရှို့နေတာတွေရှိတယ်။ ဒီမနက်ထိတော့ တိုက်ပွဲတော့မဖြစ်သေးဘူး"လို့ သူကဆက်ပြောပါတယ်။
 
ဒါ့အပြင် ချပ်သင်း၊ ပုဏ္ဏာကြီး၊ ကံကြီးရွာတွေက ဒေသခံတွေပိုင်တဲ့ နွားအကောင်ရေ ၃၀ ခန့်နဲ့ တန်ဖိုးရှိပစ္စည်းတွေ၊ ကောက်ပဲသီးနှံတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
မတ်လ ၂ ရက်မနက်အစောပိုင်းက ပျူစောထီးအများစုနေတဲ့ ချပ်ကြီးရွာကို ဒေသကာကွယ်ရေး အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူ ၄၀ ကျော်ထိခိုက်သေဆုံးမှု ရှိခဲ့ပြီးနောက် မနေ့ ညနေပိုင်းကစလို့ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာလို့သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10