ကန့်ဘလူမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့တဲ့အပြင် ဘုန်းကြီးတပါးကိုပါ ဖမ်းသွား

ကန့်ဘလူမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့တဲ့အပြင် ဘုန်းကြီးတပါးကိုပါ ဖမ်းသွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်ကြီးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတဲ့အပြင် ဘုန်းကြီးတပါးကိုလည်း ဖမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၂၃ ရက်မနေ့က ညနေ ၄ နာရီခွဲလောက်မှာ စစ်သားနဲ့ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ အင်အား ၁၅၀ နီးပါးနဲ့ ညောင်ဇင်ကြီးရွာထဲကို လက်နက်တွေပစ်ခတ်ပြီး ဝင်ရောက်လာကာ ရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။


“အခုလောလောဆယ် စစ်ကြောင်းတွေက မရှင်းသေးတဲ့အတွက် အိမ်ခြေဘယ်လောက် မီးထဲပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ရွာထဲဘယ်သူမှ မဝင်ရဲသေးပါဘူး။ ညောင်ဇင်ကြီးရွာက အခုမှ ပထမအကြိမ် မီးရှို့ခံရတာပါ” လို့ ပြောပါတယ်။

ရွာကိုမီးရှို့ပြီး ညနေ ၅ နာရီလောက်မှာတော့ ညောင်ဇင်ကြီးရွာနဲ့ တမိုင်ခွဲလောက်ဝေးတဲ့ ညောင်ဇင်လေးရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

“ရွာထဲက ဘုန်းကြီးတပါးကိုလည်း ဖမ်းခေါ်သွားတယ်။ နောက်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၂၀ အရွယ် ကောင်လေးတဦးကိုလည်း သတ်ဖြတ်ပြီးတော့ မီးရှို့သွားတယ်လို့ ကျနော်တို့ ကြားသိရတယ်။ ရွာထဲက ပစ္စည်းတချို့ကိုယူပြီးတော့ ညောင်ဇင်လေးရွာထဲကို ဝင်သွားတယ်။ ညောင်ဇင်လေးရွာက ပျူအထိုင်ချထားတဲ့ ရွာပါ” လို့ ဆိုပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

ခုလို ရွာကိုမီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မတ်လ ၂၂ ရက်က ဆူးပုတ်ကုန်းရွာဘုန်းကြီးကျောင်းမှာ ပုန်းရှောင်နေတဲ့ သက်ကြီးရွယ်အိုတွေဆီကနေ ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တွေနဲ့ နွားအကောင် ၄၀ ကျော်ကို ယူသွားတဲ့အဖွဲ့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခုလိုစစ်တပ်က စစ်ကြောင်းထိုးမီးရှို့လို့ ကန့်ဘလူခရိုင်ထဲက ဆူးပုတ်ကုန်း၊ ဘိုကုန်း၊ ဘိုတဲကုန်း၊ မကုန်း၊ ညောင်ဇင်ကြီး၊ ပေလည်နဲ့ သရက်ခေါင်းရွာ စတဲ့ကျေးရွာက ဒေသခံပြည်သူတသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10