ကန့်ဘလူမှာ စစ်မှုထမ်းစာရင်းကောက်ရန် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၅,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်

ကန့်ဘလူမှာ စစ်မှုထမ်းစာရင်းကောက်ရန် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၅,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ် ၂၅ ရက်မှာ စစ်မှုထမ်း စာရင်းကောက်ယူရန် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၅,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင်ဆီက သိရပါတယ်။

ဇီးကုန်းတိုက်နယ်အတွင်းရှိ သပြေသာ၊ ကျောင်းကုန်း၊ ဖိုလ်ကုန်းရွာတွေကို မနက် ၈ နာရီကျော်မှာ စစ်မှုထမ်း စာရင်းကောက်ယူရန် စစ်ကောင်စီက စစ်ကြောင်းထိုးလာစဉ် လက်နက်ကြီးတွေနဲ့ ရွာတွေထဲကို ပစ်ခတ်ဝင်လာတာကြောင့် ပြည်သူ ၅,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

"အရင်ရက်က စစ်သားနဲ့ ပျူတွေ လာမှာလို့ ပြောသံကြားနေရတာ။ ကင်းတွေချပြီးတော့ လက်နက်ကြီးတွေ ရမ်းပစ်ပြီး လာတယ်။ ဘယ်သူမှ မနေရဲကြဘဲ အကုန်ထွက်ပြေးရတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တွေမှာ စစ်တပ်ဘက်က အိမ်ထောင်စုစာရင်းနဲ့ တိုက်စစ်ပြီး စစ်သင်တန်းတက်ဖို့ အတင်းအကျပ်ဖိအားပေးကာ လျှောက်လွှာဖြည့်ခိုင်းတာတွေအပြင် ရပ်ဝေးသို့ပြောင်းရွှေ့နေကြသူများကိုလည်း ပြန်ခေါ်ဖို့ ဖိအားပေးပြောဆိုနေတယ်လို့ ဆိုပါတယ်။

" ဒီစစ်တပ် မကောင်းမှန်းသိရဲ့သားနဲ့ ကိုယ့်သားသမီးကို သင်တန်းမတက်ခိုင်းပါဘူး။ သူတို့အတွက်လည်း အသေမခံနိုင်ဘူး။ စစ်ရှောင်ရတာ ဒုက္ခရောက်တာတော့ သိတယ်။ သူတို့လက်က လွတ်ဖို့ ရှောင်ပြေးရတာပဲ” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို ဒေသခံတော်လှန်ရေးတပ်ရင်း တပ်ဖွဲ့တွေက ကျေးရွာအတွင်းမှ ကူညီကယ်ထုတ်ခဲ့သလို စားသောက်နေထိုင်ဖို့အတွက်လည်း တတ်နိုင်တဲ့ဘက်က ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်က ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်တို့ဟာ စစ်သားနဲ့ပျူစောထီးတွေအထိုင်ချ တပ်စွဲထားရာနေရာနဲ့ နီးကပ်နေတဲ့အတွက် တချို့ရွာတွေမှာ တနှစ်နီးပါးစစ်ရှောင်နေရပြီး ယခုလည်း စစ်ရှောင်ဦးရေ တိုးလာသဖြင့် စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ပုံစာ - မတ် ၂၅ ရက်က စစ်မှုမထမ်းလိုတဲ့အတွက် စစ်ရှောင်ထွက်ပြေးလာကြသူများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ကျွန်းလှ #စစ်ကောင်စီ #စစ်သင်တန်း #ဒေသခံ #ထွက်ပြေးတိမ်းရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10