ကန့်ဘလူ၊ ထောက်ရှာအိုင်ရွာကို စစ်ကောင်စီက မီးရှို့၊ မိုင်းရန်ကြောက်လို့ ရွာခံတွေ အိမ်မပြန်နိုင်သေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ရွာကို စစ်ကောင်စီတပ်တွေက မေ ၇ ရက်မနက် ၅ နာရီခန့်မှာ မီးရှို့ပြီး ကျေးရွာအနီး မိုင်းတွေထောင်ထားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ရွာခံတွေဟာ နေအိမ်ကို မပြန်နိုင်သေးဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကျွန်းလှစစ်ရှောင်အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကလေးဒေသအခြေစိုက် ခမရ − ၃၆၁ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အား ၅၀ နီးပါးနဲ့ ထောက်ရှာအိုင်ရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်ရောက်လာပြီးနောက် မနက် ၇ နာရီခွဲလောက်မှာတော့ အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ ထောက်ရှာအိုင်ရွာကို မီးရှို့ရာ လူနေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့သလို ဒေသခံ ၁၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ၊ ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ရွာဟာ အခုလို မီးရှို့ခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
“စစ်ကြောင်းလာတဲ့အချိန်က မနက်အစောပိုင်းဆိုတော့ ထွက်ပြေးတိမ်းရှောင်ရင်း စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အမျိုးသမီးတချို့လည်း ပါတယ်။ အခုချိန်ထိတော့ ဘယ်သူဘယ်ဝါဆိုတာ အတိအကျပြောလို့ မရသေးဘူး။ နေအိမ် ၆၀ ကျော်လောက်က မီးထဲပါသွားတယ်။ အဲဒါတောင် ဂျောင်ထဲကဝင်လို့မရတဲ့ နေအိမ်တွေ မပါသေးဘူး”လို့ ကျွန်းလှစစ်ရှောင်အဖွဲ့မှ တာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။
ထောက်ရှာအိုင်ရွာက ပြည်သူ ၁၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ အဲဒီရွာနဲ့ တမိုင်ခွဲလောက်ဝေးတဲ့ ရမနေ ရွာထဲကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာထဲကနေ ပြန်လည်ထွက်ခွာသွားချိန် မိုင်းများထောင်သွားမှာကို ဒေသခံတွေက စိုးရိမ်တာကြောင့် အခုချိန်ထိ ကျေးရွာထဲကို ဝင်ရောက်နေထိုင်ခြင်းမရှိသေးဘဲ နီးစပ်ရာတောစပ်တွေမှာပဲ နေထိုင်နေကြရပါတယ်။
“ဖမ်းဆီးခံရတဲ့ ၁၅ ယောက်က အခုချိန်ထိ မလွတ်လာသေးဘူး။ ရွာသားတွေလည်း ရွာထဲကို မဝင်ရဲသေးဘူး၊ ရွာကိုနယ်မြေရှင်းလင်းရေး မလုပ်ရသေးတာတွေရယ်၊ သူတို့ထောင်ထားတဲ့မိုင်းတွေ ရှိနိုင်တာရယ်။ နောက်တခုက တောက်လျှောက်ကြီး တန်းဝင်ဖို့ကလည်းမဖြစ်သေးဘူး၊ ရွာသားတွေက စိုးရိမ်စိတ်၊ ကြောင့်ကြစိတ်တွေဝင်နေတော့ တောထဲမှာပဲ တိမ်းရှောင်နေကြတယ်” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ထောက်ရှာအိုင်ရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၄ ရက်ကလည်း သရက္ကံကြီးရွာကိုဝင်ရောက်သွားပြီး အဲဒီရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၅၀ အရွယ် ဦးခိုင်ဇော်ကို သူ့ရဲနေအိမ်ထဲမှာ ပစ်သတ်သွားသလို စစ်ကြောင်းမြင်ပြီး ထွက်ပြေးတိမ်းရှောင်တဲ့ရွာသားတဦးကိုလည်း သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ညာဘက်ပေါင် ကျည်ထိမှန်သွားတယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
Share
Share
Share