ကပစ ၁၆ လက်နက်ထုတ်လုပ်ရေးတပ်က စစ်သားတဦး နေအိမ်လိုင်းခန်းမှာ ကြိုးဆွဲချသေဆုံး

ကပစ ၁၆ လက်နက်ထုတ်လုပ်ရေးတပ်က စစ်သားတဦး နေအိမ်လိုင်းခန်းမှာ ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ရွာအခြေစိုက် အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) က စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ဇူလိုင် ၃၀ ရက် ဒီမနက်အစောပိုင်းမှာ ကြိုးဆွဲချပြီး အဆုံးစီရင်သွားတယ်လို တပ်နဲ့နီးစပ်တဲ့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသူမှာ ကပစ ၁၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် စန်းမောင်ဆိုသူ ဖြစ်ပြီး ဒီမနက် ၂ နာရီလောက်မှာ သူ့ရဲ့နေအိမ် အိမ်ထောင်သည်လိုင်းခန်းအတွင်းမှာပဲ ကြိုးဆွဲချအဆုံးစီရင်သွားတာလို့ ဆိုပါတယ်။

"တာဝန်နဲ့ လုံခြုံရေးကိစ္စ စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ ဖြစ်လိမ့်မယ်။ ည(မနက်) ၂ နာရီ လုံခြုံရေးကအပြန် အရက်သောက်ပြီး မိန်းမနဲ့ စကားများပြီးဖြစ်တာ။ အလုပ်ကအဆင်မပြေတော့ မထူးဇာတ်ခင်းသွားတာဖြစ်မယ်။ လူသားကိုယ်ချင်းစာစိတ်နဲ့တွေးရင် စိတ်မကောင်းဘူး" ကပစ ၁၆နဲ့ နီးစပ်သူ ပန်းတောင်းနယ်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသွားတဲ့ တပ်ကြပ်ကို ပြည်မြို့ အမှတ်(၆) စစ်ဆေးရုံ(ကုတင် ၁၀၀)ကို ပို့ဆောင်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ယခင်က စစ်ဆင်ရေးမလိုက်ရတဲ့ လက်ရုံး ကပစတပ်တွေကိုပါ ထုတ်နှုတ်ကာ ရှေ့တန်းကို ပို့ဆောင်နေတာကြောင့် နောက်တန်းလက်ကျန်စစ်သားတွေမှာလည်း လက်နက်ထုတ်လုပ်ရေးတွေနဲ့ ၎င်းတို့စစ်ကောင်စီတပ်တွေလုံခြုံရေးအတွက် နားရက်မရှိ လုပ်ဆောင်နေရတယ်လို့ ကပစတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပန်းတောင်း #မသုန် #ကပစ၁၆ #တပ်ကြပ်တဦး #ကြိုးဆွဲချသေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10