သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမတိုက်နယ်၊ ရှောက်ပင်အင်းကျေးရွာအခြေစိုက် ကာကွယ်ရေးပစ္စည်း စက်ရုံ - ကပစ ၂၁ မှ တပ်ကြပ်ကြီး ၁ ဦးကို ဇွန်လ ၂ ရက် ဒီမနက်ပိုင်း ၉ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Chauk Guerrilla Force (CGF) ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။
ပစ်ခတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် တပ်ကြပ်ကြီး အောင်သူတင့် (ခ) တိုက်ကြက်ဖြစ်ပြီး ဆိပ်ဖြူမြို့ကနေ ချောက်မြို့ဘက်ကို ဆိုင်ကယ်နဲ့ထွက်လာချိန် ချောက်မြို့၊ အမှတ် ၁၀ ဗဟိုကွက်သစ်ကျောင်းအနီးမှာ ဦးခေါင်းကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူက ဆိပ်ဖြူမှာနေပြီး ကပစ ၂၁ ကလာတဲ့ ကားတွေကို ဈေးဝယ်ပြီး တင်ပေးရတဲ့တာဝန်နဲ့ နေပြည်တော်ကို လျှို့ဝှက်အရေးကြီးစာရွက်စာတမ်းတွေ ပို့ဆောင်ရတဲ့ တာဝန်ယူပေးရတယ်လို့ သိရတယ်၊ ဦးခေါင်းကို ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ပြောပါတယ်။
ဆိပ်ဖြူနယ်အတွင်း ကားနဲ့ စျေးလာဝယ်ချိန်မှာ ရှင်းလင်းဖို့ပြင်ဆင်ထားပေမယ့် ကားပေါ်မှာ ပြည်သူတွေပါတာကြောင့် အဲ့ဒီအစီစဥ်ကိုဖျက်ခဲ့ပြီး ဆိုင်ကယ်နဲ့ချောက်မြို့ဘက်ကို ထွက်လာချိန်ကျမှ ပစ်ခတ်ရှင်းလင်းခဲ့တာလည်း ဖြစ်ပါတယ်။
ရှင်းလင်းပြီးနောက် သူ့ဆီကနေ ငွေသား သိန်း ၄၀၊ ဖုန်း ၁ လုံး ထိပ်တန်းလျှို့ဝှက် အရေးကြီးစာရွက်စာတမ်း၊ ဗိုလ်ကြီးရန်နိုင်ရဲ့ ချက်လက်မှတ်၊ ဘဏ်စာအုပ်၊ ATM ကပ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုကို Chauk Guerrilla Force (CGF) ၊ People Defense Force Chauk (ချောက် ပကဖ)၊ K.F People Defence Force၊ ဖေကံကောင်း ရေနံချောင်းအဖွဲ့ နဲ့ MVP Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်ကလည်း ချောက်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးရုံးနဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကို CGF နဲ့ မဟာမိတ်အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ - သိမ်းဆည်းရမိသည့် ပစ္စည်းများ။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆိပ်ဖြူ #ချောက် #ကပစ ၂၁ #တပ်ကြပ်ကြီး #ရှင်းလင်း #PDF
Share Share Share