ကပစ-၂၂ ရှော့ဒုံးနဲ့ပစ်ခံရလို့ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုရှိဟုဆို
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းရွာအခြေစိုက် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)တပ်ကို မေလ ၇ ရက် မနက် ၆ နာရီကျော်အချိန်မှာ တိုက်ခိုက်ခံရလို့ စက်ရုံတွင်း အဆောက်အဦးတချို့ ပျက်စီးတယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။
အဲဒီစက်ရုံကို ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့က Short Range Missile (၁၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Black Hawk Seink phyu Revolution Front မှ တပ်ရင်းတာဝန်ခံ ဗိုလ်ရှည် က ပြောပါတယ်။
"အဲစက်ရုံမှာက ကဏ္ဍတွေ အများကြီးခွဲထားတာကို ကျနော်တို့က လက်နက်ထားတဲ့ ဂိုဒေါင် ကို အဓိကထား ပစ်ခတ်ခဲ့တာ။ လက်နက်ကြီး ပစ်ခတ်တဲ့အချိန်မှာ ၄ လုံးက လေပေါ်မှာတင် ကွဲသွားတယ်။ နောက် ၈ လုံးကတော့ ပစ်မှတ်ထဲကို ကျသွားလို့ အရပ်ခေါ် ၆ လုံးတန်းထဲက လက်နက်ဂိုဒေါင် ပျက်စီးခဲ့တာ။ ဒီပျက်စီးမှုကို အတွင်းသတင်းပေးပြောလို့ အတည်ပြုနိုင်ခဲ့တာ" လို့ ဆိုပါတယ်။
ကပစ-၂၂ စက်ရုံကို PDFတွေက ပစ်ခတ်တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တိုက်ခိုက်တာ မရှိခဲ့တဲ့အပြင် ဂိတ်စောင့်နေကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စက်ရုံအနီးပတ်ဝန်းကျင်ကို ကင်းပတ်နေကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝရုန်းသုန်းကားဖြစ်ကာ ထွက်ပြေးနေခဲ့ကြတယ်လို့ ဗိုလ်ရှည်က ဆက်ပြောပါတယ်။
အဲဒီနောက်မှာတော့ ညအချိန်ကင်းပတ်ပြီး သေနတ်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကပစ-၂၂ က အရပ်ခေါ် ၆ လုံးတန်း အဆောက်အဦးဟာ လက်နက်သိုလှောင်တဲ့ အဆောက်အဦးမျိုး မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေ နေထိုင်တဲ့လိုင်းခန်းဖြစ်တယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့ CDM တပ်မတော်သား အရာရှိတဦးက ပြောပါတယ်။
“၆ လုံးတန်းဆိုတာစ စ်ကောင်စီတပ်သားတွေနေတဲ့ လိုင်းခန်းတွေကို ခေါ်ကြတာ။ လက်နက်စက်ရုံတော့ မဟုတ်ဘူး။ ၆ လုံးတန်းကို ထိတာဆိုရင်တော့ အဲ့ဒီလိုင်းခန်းတွေထိတာ ဖြစ်နိုင်တယ်’’ လို့ ပြောပါတယ်။
ကပစ-၂၂ စက်ရုံဟာ တာဝေးပစ်ခတ်နိုင်တဲ့ မစ်ဇိုင်း(Missile) လက်နက်တွေဖြစ်တဲ့ ၁၅၅ မမ တွေ အဓိက ထုတ်လုပ်နေတဲ့ စက်ရုံတခု ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ စစ်ဒေသကွပ်ကဲ -၁၊ မကွေးတိုင်း Drone အထူးတပ်ရင်း၊ တပ်ခွဲ(၅) သိန်းငှက်နက်ဆိပ်ဖြူ တော်လှန်ရေးတပ်ဦး ( B.H.S.R.F)နဲ့ ပခုက္ကူခရိုင် အမှတ် (၁၁) တပ်ရင်း- ပြည်သူ့စွမ်းအား တပ်ပေါင်းစု (PPC)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆယ်မိုင်လမ်းဆုံ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီလ ၂၂ ရက်နေ့ ည ၉ နာရီခန့်ကလည်း ဆိပ်ဖြူမြို့နယ်နဲ့ စလင်းမြို့နယ်အစပ်မှာရှိတဲ့ တညောင်ဓါတ်အားပေးစက်ရုံကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထရန်စဖော်မာတလုံးပျက်စီး၊ ဓါတ်တိုင်နဲ့ ဓါတ်အားလိုင်းကြိုးတွေ ပြတ်တောက်ခဲ့ပါသေးတယ်။
အဲဒီဓါတ်အားပေးစက်ရုံဟာ ကပစ-၂၁၊ ၂၂ နဲ့ ဝါဇီငွေထုတ်စက်ရုံတို့ကို ဓါတ်အားပေးပို့နေတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share