သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ၂၄) တပ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ပေါက်နယ်ဒေသခံအမျိုးသား ၄ ဦး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ ကနေ ၄၀ အကြားရှိ ကျောက်မဲတောင်ရွာက ဦးဇော်လေး ၊ ခင်အေးရွာက ဦးမင်းနောင် ၊ မျှားပိုင်းရွာက ဦးလှဝင်းမောင်နဲ့ ပလောင်းရွာက ဦးကျော်မြင့်တို့ ၄ ဦးဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်မနက် ၁၁ နာရီဝန်းကျင်လောက်က ပလောင်းကျေးရွာလမ်းအတိုင်း ထွက်လာစဉ် သစ်ချိုကုန်းရွာအနီးအရောက်မှာ ကပစ ၂၄ ကိုပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးကာ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါ တယ်။
“ သူတို့ကရွာနားနီးချင်းတွေဆီကနေ နွား၊ ဆိတ်ရောင်းဝယ်ရေးလုပ်ဖို့သွားရင်းနဲ့ အဖမ်းခံလိုက်ရတာပါ ။ ကျနော်တို့ ရဲဘော်တွေရဲ့စောင့်ကြည့်ကင်းအရ လက်ပြန်ကြိုးတုတ်ပြီးခေါ်သွားတယ် “ လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကိုစစ်က မြေလတ်အသံကို ပြောပါတယ်။
အဆိုပါအမျိုးသား ၄ ဦးကို စစ်ကောင်စီစစ်ကြောင်းက ကပစ ၂၄ ဖမ်းခေါ်သွားခဲ့ပြီး ၂ ရက်ကြာ ဒီကနေ့အထိ ပြန်လွတ်လာတာမရှိသေးသလို မိသားစုနဲ့လည်း အဆက်သွယ်ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပျူစောထီးအားကောင်းတဲ့ သစ်ချိုကုန်းရွာကို ကပစ ၂၄ က စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး လူချိန်းပြောင်းတာနဲ့ သစ်ချိုကုန်းရွာပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၉ ရက်ကလည်း ပေါက်မြို့နယ် ရွာသစ်စုကျေးရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ဒေသခံ ၂ ဦးထိမှန်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်တချို့နဲ့ နေအိမ်တချို့ ထိမှန်ပျက်ဆီးသွားပါသေးတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #ပေါက် #ဒေသခံ #ဖမ်းဆီး
Share Share Share