ကမ္မမြို့ ဓါတ်အားပေးစက်ရုံအဟောင်းက ရဲကင်းစခန်း ၄ ရက်ဆက် ဒရုန်းနဲ့ကြဲခံရပြီး ရဲတွေစခန်းစွန့်ခွာသွား (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ ဓါတ်အားပေးစက်ရုံအဟောင်းက ရဲကင်းစခန်းကို ၄ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲချပြီးနောက် အဲဒီစခန်းကရဲတွေဟာ စခန်းစွန့်ခွာသွားတယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု အဖွဲ့ဆီက သိရပါတယ်။

အဲဒီ ရဲကင်းစခန်းမှာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲနေပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဩဂုတ် ၃၁ ရက်က‌နေ စက်တင်ဘာ ၃ ရက်အထိ ဒရုန်းနဲ့ဗုံးတွေချပြီးနောက် သေဆုံးထိခိုက်မှု မသိရသေးဘဲ စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာတော့ ရဲတွေဟာ စခန်းကို စွန့်ခွာသွားကြတာလို့ သိရပါတယ်။ 

"ဩဂုတ် ၃၁ ရက်ကနေ့ မနေ့ညအထိ ဒရုန်းနဲ့ အီနာဂါဗုံးသီးချတာ။ နေ့ရောညပါ မနားတမ်းချတာ။ စက်ရုံရဲကင်းစခန်းထဲက ဘန်ကာဘေးတွေ၊ ဆက်သွယ်ရေးမြောင်းဘေးတွေကို ကွဲအားပြင်းအီနာဂါဗုံးသီးအကြီးတွေ ကြဲချတာ။ ဒရုန်း ၁၀ စီးကျော်လောက်နဲ့ ဗုံးကြဲချတာ။" လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ ကမ္မမြို့ ဓါတ်အားပေးစက်ရုံဟာ အရင်အစိုးရအဆက်ဆက်ကရှိခဲ့တဲ့ ဓါတ်အားပေးစက်ရုံအဟောင်းဖြစ်ကာ တော်လှန်ရေးကာလအတွင်း ကမ္မနယ်တောင်ဘက်ခြမ်းမှာ ပြောက်ကျားတပ်ဖွဲ့တွေ အားကောင်းလာစ စစ်အုပ်စုက ပြန်လည်ထိန်းချင်တဲ့အတွက် လုံခြုံရေးကင်းဆိုပြီး ယူလိုက်တာလို့ ဆိုပါတယ်။

"သူတို့က လုံခြုံရေးကင်းဆိုပြီး ပြည်သူကို အကြောင်းပြချက်ပေးထားတာ။ ကမ္မမြို့နယ်စခန်းကနေ ခွဲထွက်ပြီး ကင်းလာယူထားတာ"လို့ တော်လှန်ရေး တပ်ပေါင်းစု အဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု၊ မြိုင်မြို့နယ် ပကဖ Drone တပ်ဖွဲ့ ၊ ပေါက်မြို့နယ် ပကဖ  Drone တပ်ဖွဲ့၊  မကွေးတိုင်း Drone Team၊ မဟာမိတ်တော်လှန်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကမ္မမြို့ #ဓါတ်အားပေးစက်ရုံအဟောင်း #ရဲကင်းစခန်း #ဒရုန်းဗုံးကြဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10