ကမ္မရဲစခန်းအနီးနေ သားအမိနှစ်ဦး အသတ်ခံရ

ကမ္မရဲစခန်းအနီးနေ သားအမိနှစ်ဦး အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် ၃ ရပ်ကွက်၊ တောင်ခုံစျေးရပ်မှာ သားအမိနှစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အသက် ၈၂ အရွယ် ဒေါ်ကြည်အောင်နဲ့ သမီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် မမြင့်မြင့်ခိုင် (ခ) မခိုင်တို့ဖြစ်ပြီး အလောင်းတွေကို မတ် ၅ ရက် မနက် ၇ နာရီလောက်မှာ အိမ်နီးချင်းတွေက နေအိမ်မှာတွေ့ခဲ့ရတာလို့ ဆိုပါတယ်။

"အသတ်ခံရတာက ၄ ရက်နေ့ ညပိုင်းလောက်ကတည်းက ဖြစ်လောက်တယ်။ မနက်ကျမှ သူတို့အိမ်က တံခါးဖွင့်တာမတွေ့ရလို့ သွားခေါ်ကြည့်မှ သိရတာ။ အမေဖြစ်သူ အိမ်အောက်က ထိုင်ခုံမှာ။ သမီးဖြစ်သူက နေအိမ်ထဲမှာ သတ်ခံထားရတာကို တွေ့ခဲ့ကြရတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

အမေဖြစ်သူက လည်ပင်းလှီးသတ်ဖြတ်ခံထားရပြီး သမီးဖြစ်သူကတော့ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာရှိသလို ရင်သားကို ဓားနဲ့မွှန်းခံထားရပြီး နောက်ကျောမှာ ဓားနဲ့ထိုးသွင်းထားတဲ့ ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးနေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် နေအိမ်ကနေ သားအမိ ၂ ဦးပိုင်ဆိုင်တဲ့ ဖုန်း ၂ လုံး၊ ရွှေ ၃ ကျပ်သားနဲ့ ငွေသားကျပ်ဆယ်သိန်းလည်း ပျောက်ဆုံးနေပါတယ်။ 

သေဆုံးသွားတဲ့ သားအမိနှစ်ဦးဟာ နေအိမ်မှာ ၂ ဦးတည်းနေထိုင်ကာ သမီးဖြစ်သူက ရံဖန်ရံခါ ကုန်စိမ်းရောင်းတဲ့အလုပ်ကို လုပ်ကိုင်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်အောင်နေသူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဒီလူသတ်မှုကျူးလွန်တာဟာ ကမ္မရဲစခန်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပြီး ကမ္မမြို့မှာ ညဘက်သွားလာလှုပ်ရှားနေတာ စစ်ကောင်စီအဖွဲ့တွေပဲရှိတာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် အခင်းဖြစ်တဲ့အိမ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့ ကမ္မရဲစခန်းရဲ့အနီးနားမှာရှိပေမယ့် ရဲနဲ့စစ်သား‌တွေ လာရောက်စစ်ဆေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ 

ဒီသတ်ဖြတ်မှုကို ဘယ်သူတွေလုပ်ဆောင်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။  

သေဆုံးသူ ၂ ဦးရဲ့အလောင်းကိုတော့ ကျန်ရှိတဲ့ မိသားစုဝင်တွေရဲ့ဆန္ဒအရ အလောင်းတွေ့တဲ့ မနက်ပိုင်းမှာဘဲ သင်္ဂြိုဟ်‌ပေးလိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ကမ္မ #လူသတ်မှု #သားအမိ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10