ကလေးနယ်မှာ ၃ နှစ်ကျော် စစ်ရှောင်နေရတဲ့ပြည်သူတွေကို ဆန်တင်း ၁၀၀ ကျော်ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ရေရှင်ကျေးရွာ ဒေသခံစစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာဆန်တွေကို ဇွန် ၂၂ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ Lighthouse စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး-ကလေးမြို့ အဖွဲ့ဆီက သိရပါတယ်။

ရေရှင်ရွာ စစ်ရှောင်ပြည်သူ အိမ်ထောင်စု ၂၀၂ စုအတွက် ၁ အိမ်ထောင်ကို ဆန် ၈ ပြည်နှုန်းနဲ့ ဆန်တင်း ၁၀၁ တင်းကို Lighthouse အဖွဲ့က ပြည်တွင်းပြည်ပ အလှူရှင်တွေကိုယ်စား သွားရောက် မျှဝေပေးခဲ့တာဖြစ်ပါတယ်။

" ရွာလုံးကျွတ် မီးရှို့ခံရတဲ့ရွာပါ။ အလုပ်အကိုင်လည်း ကြုံရာလုပ်ရပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှကြပါဘူး။ စားဝတ်နေရေး ခက်ခဲနေကြပါတယ်" လို့ Lighthouse-စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ တာဝန်ခံ ကိုသူရိန်က ပြောပါတယ်။

ရေရှင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၁ မေ အတွင်း ၂ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေ ၃၀၀ ကျော်မီးလောင်ခဲ့ပြီး တောတောင်ထဲမှာ လူဦးရေ ၄၀၀ ကျော် စစ်ရှောင်နေရသလို ဆွေမျိုးသားချင်းနဲ့ နီးစပ်ရာကျေးရွာတွေမှာ စစ်ရှောင်နေကြတာလည်း ရှိတယ်လို့ ဆိုပါတယ်။ 

စစ်ရှောင်မိသားစုဝင်တွေထဲက ကလေးငယ်တွေရဲ့ ပညာရေးအတွက်လည်း စစ်ရှောင်စခန်းမှာပဲ အခက်အခဲတွေကြားက သင်ကြားပေးနေတယ်လို့ သိရပါတယ်။

စာတည်း - ဇို၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ရှောင် #မီးဘေးသင့်ပြည်သူ #ရိက္ခာထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10