ကလေးမြို့သပိတ်အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဖြိုချဖျက်ဆီးနေ

ကလေးမြို့သပိတ်အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဖြိုချဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင် မကျိန်ဒိတ်ကိမ်ရဲ့ တောင်ဖီလာရပ်ကွက် နယ်မြေ ၁၁ မှာရှိတဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ချိတ်ပိတ်တာအပြင် ဖြိုချဖျက်ဆီး လိုက်တယ်လို့ သိရပါတယ်။

ယနေ့ဧပြီလ ၁၉ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီ အင်အား ၃၀ လောက် ဝင်ရောက်လာပြီး လမ်းတွေကိုပိတ်ဆို့ကာ ညနေ ၃ နာရီမှာ မြေထိုးစက်ယန္တရားတွေ နဲ့ထိုးကာ ဖြိုချသွားတာဖြစ်တယ်လို့ ဆိုပါတယ်။


“ဟိုင်မွန်ကားဂိတ်နားကစ လမ်းတွေအကုန်ပိတ်ပြီး ဖြိုတာ၊ ဘယ်သူမှမလာရဆိုပြီး အနီးအနားကအိမ်တွေလည်း ဘယ်သူမှ မထွက်ရဘူး။ ချိတ်ပိတ်ပြီး တော်ပြီပေါ့။ ဒီနေ့ဖြိုတဲ့ဟာကို မနက်ဖြန်ပြန်လာပြီး မပြိုသေးတဲ့ မီးဖိုချောင်ဘက်ကို လာဖျက်မယ်လို့ ပြောသွားတယ်" လို့ သပိတ်အဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က တံတားဦးထိပ်နားမှာ အတာသပိတ်ပြုလုပ်နေချိန် ကိုသန်းစိုးဦး၊ မကျိန်ဒိတ်ကိမ်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့ ၄ ဦး ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး၊ သူတို့ရဲ့ နေအိမ်တွေအပြင် လွတ်မြောက်သွားသူတဦးရဲ့ နေအိမ်ကိုပါ အဲ့ဒီနေ့ ညနေပိုင်းမှာ လာရောက် ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။

အခုလက်ရှိ အဖွဲ့ဝင်တဦးရဲ့နေအိမ်ကို ဖျက်ဆီးသွားပြီး တခြားဖမ်းဆီးခံရတဲ့ အဖွဲ့‌ဝင်တွေရဲ့နေအိမ်တွေကိုလည်း ဘယ်လိုဆက်လုပ်မလဲဆိုတာ စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီအဖွဲ့ဝင်တွေရဲ့ မိသားစုတွေကိုလည်း ဖမ်းဆီးထားပြီး အဖွဲ့ဝင် ၄ ဦးကိုတော့ ဒီကနေ့ ဒကစထဲကို ခေါ်ကာ စစ်ဆေးမှုတွေ စလုပ်နေပြီလို့လည်း သိရပါတယ်။

ညနေပိုင်းမှာလည်း လွတ်မြောက်သွားတဲ့ သပိတ်အဖွဲ့ဝင်တဦးရဲ့ နေအိမ်ကို ဖြိုဖျက်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

သတင်း - ချယ်ရီ၊ စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10