ကလေးမှာ စစ်အုပ်စုက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးချပစ်ခတ်လို့ ဆယ်နှစ်ကလေး ၁ ဦးအပါ လူ ၅ ဦး ဒဏ်ရာရ

ကလေးမှာ စစ်အုပ်စုက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးချပစ်ခတ်လို့ ဆယ်နှစ်ကလေး ၁ ဦးအပါ လူ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း(အထက်ပိုင်း) ၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က အမြောက်လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ဗုံးချခဲ့တာကြောင့် ဆယ်နှစ်အရွယ်ကလေး ၁ ဦး အပါ လူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက် ည ၉ နာရီလောက်မှာ ကလေးမြို့အခြေစိုက် အမြောက်တပ်ကနေ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ၁ လုံးမှာ စံသာကျေးရွာအတွင်း နေအိမ် ၁ လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါနေအိမ်အနီးရှိနေတဲ့ ၁၀ နှစ်အရွယ် ယောက်ျားလေး ၁ ဦး လက်နက်ကြီးစထိမှန် (စိုးရိမ်ရ) ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

“ အစ(ဗုံး)ထိသွားတာသူက ဗိုက်ထဲမှာဝင်သွားတာ အူကို ၅ ချက်ချုပ်လိုက်ရတယ်။ မနေ့ကဆေးရုံမှာ သွားကြည့်ခဲ့သေးတယ် သူ့ကိုအစိုးရိမ်ဆုံးပဲ။” လို့ ကလေးနယ်ခံတဦးက ပြောပါတယ်။

အလားတူ နိုဝင်ဘာ ၁၄ ရက်ညနေ ၆ နာရီလောက်မှာ ကလေးမြို့နယ်၊ ဇင်းကလင်းရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စုက အဆိုပါရွာကနေ ၁ မိုင်ကျော်လောက်ဝေးတဲ့ မြို့ကြီးကုန်းရွာကို ဒရုန်း ၁ စီးနဲ့ဗုံးချခဲ့လို့ ရွာခံမိသားစုဝင် ၃ ဦးနဲ့ အိမ်နီးချင်းအမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦးထိမှန်ခဲ့တယ်လို့ နောက်ထပ်ကလေး ဒေသခံတဦးက ပြောပါတယ်။

“ ဒရုန်းဗုံးသီးက ခေါင်မိုးပေါ်ကနေ ပြုတ်ကျလာတာ။ မိသားစု ၃ ယောက်ကတော့ ဆေးရုံတင်ထားရတယ်။ တအားကြီးမစိုးရိမ်ရဘူး။” လို့ သူက ဆိုပါတယ်။

လက်နက်ကြီးထိမှန်ဒဏ်ရာရသူတွေဟာ မြို့ကြီးကုန်းကျေးရွာနေ မိသားစုဝင်တွေဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ်အမျိုးသား၊ ၎င်းရဲ့ဇနီးဖြစ်သူ အမျိုးသမီး၊ သားဖြစ်သူ ၁၇ နှစ်အရွယ်အမျိုးသားနဲ့ နောက်ထပ်ရွာခံ အမျိုးသား ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့  မတ် ၁၇ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်လို့ မြို့ကြီးကုန်းရွာက အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးပွဲချင်းပြီးသေဆုံးသွားသလို သြဂုတ် ၃၁ ရက်မှာလည်း မြို့ကြီးကုန်းရွာက နေအိမ် ၄ လုံးကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးထိမှန်ပျက်စီးခဲ့တဲ့ စံသာကျေးရွာနေအိမ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #လက်နက်ကြီး #အရပ်သား #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10