ကလေးမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး PDF ၃ ဦးကျဆုံးကာ ၁၇ ဦး ဒဏ်ရာရ

ကလေးမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး PDF ၃ ဦးကျဆုံးကာ ၁၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ ကလေးနည်းပညာတက္ကသိုလ်အနီးက သာယာကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံပူးပေါင်းတပ်ဖွဲ့တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂ ဖက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၃ ရက်နေ့ ညနေ ၅ နာရီထဲက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်ရှိကာ ပျူစောထီးတွေလည်း ပါဝင်နေနိုင်တယ်လို့ ရဲဘော်တဦးက ပြောပါတယ်။

၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးခန့်သေဆုံးပြီး၊ PDF (kalay) တပ်ဖွဲ့ဝင် ၁ ဦး၊ ပ.က.ဖ တပ်ဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း ၃ ဦးကျဆုံးကာ ၂ ဖက်ထိခိုက်မှုတွေရှိတယ်လို့လည်း သိရပါတယ်။

"လက်နက်ကြီးကြောင့်မဟုတ်ဘဲ သေနတ်ကျည်ဒဏ်ရာကြောင့်လို့ပဲ ကနဦး ခန့်မှန်းထားပါတယ်။ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့ဆီကနေ အတည်ပြုချက်ရမှ သိရမှာပါ" လို့ CDF ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ ကလေး GTC ကျောင်းတို့ကနေ  လက်နက်ကြီးပစ်ကူ အဆက်မပြတ်ပေးခဲ့ပြီး ခုလက်ရှိချိန်ထိလည်း ကလေး GTC ကျောင်းထဲကနေ လက်နက်ကြီးတွေ ပစ်ခတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ညနေပိုင်းမှာ စစ်တပ်က သာယာကုန်းရွာထဲမှာရှိတဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်စီးတာတွေလုပ်ခဲ့ပြီး၊ လတ်တလော မြေပြင်အခြေအနေ စစ်ရေးအခြေအနေတွေအရ ထိတွေ့မှု ခေတ္တရပ်နားထားကာ နှစ်ဖက်ထိတွေ့မှုတွေ အချိန်မရွေး ပြန်ရှိလာနိုင်တယ်လို့လည်း သူကပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို PDF (kalay) တပ်ရင်း ၁၊ ၂၊ ၃၊ ၅၊ ၆၊ ၇၊ ၈၊ ၁၂ တို့နဲ့အတူ ပ.က.ဖ-ကလေး၊ CNDF၊ CDF-KKG၊ RKDF စတဲ့တပ်ဖွဲ့တွေနဲ့ပူးပေါင်း တိုက်စစ်ဆင်နေကြတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10