ကိုင်းတောမရဲစခန်းနဲ့ ရေစက်အထိုင်စခန်းသိမ်းတိုက်ပွဲမှာ PDFရဲဘော်၂ဦးကျဆုံး(ရုပ်/သံ)

မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းနဲ့ မြိုင် ကပစကို ရေပေးဝေနေတဲ့ ရေစက်အထိုင်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သြဂုတ်လ ၃ ရက် နံနက်ပိုင်းနဲ့ ညနေပိုင်းမှာ နှစ်ကြိမ်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တစ်ခုဖြစ်တဲ့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

မြိုင် ကပစ ကို ရေပေးဝေနေတဲ့ အထိုင်စခန်းမှာ စစ်ကောင်စီအင်အား၃၀ခန့်နဲ့ ရဲစခန်းမှာအင်အား ၄၀ ကျော် တပ်စွဲနေတာဖြစ်ပြီး မြိုင်ကပစကို ရေပေးဝေနေတဲ့အထိုင်စခန်းကိုပဲ သိမ်းနိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ပြန်ကြားရေးတာ၀န်ခံ ကိုဘိုဘိုသန့်စင် ကမြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကရဲဘော်၂ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၃ဦးသေတာကို မျက်မြင်တွေ့ခဲ့ရသလို  လက်နက်ကြီးအဖူး ၁၃ လုံး နင်းမိုင်း၆ လုံး ရှေ့ထွက်မိုင်း ၂ လုံးသိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုင်းတောမရဲစခန်းမှာ ပူးပေါင်းအထိုင်ချနေတယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကျဆုံးသွားတဲ့ ရဲဘော်တွေကတော့ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)က အသက်(၁၇)နှစ်အရွယ် ရဲဘော်​မဟောက်နဲ့ အညာမြေတပ်ပေါင်းစု ကအသက်(၂၃)အရွယ် ရဲဘော် G Shock တို့ဖြစ်ပြီး အလောင်းတော့ ပြန်မရခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ကျဆုံးရဲဘော်၂ဦးအနက်  ရဲဘော်မဟောက်ရဲ့စျာပနကို ဒီနေ့ သြဂုတ်၆ရက်မနက်မှာပြုလုပ်ခဲ့ပြီး ရဲဘော်မဟောက်ရဲ့ကျန်ရစ်တဲ့ပစ္စည်းတွေကို မိသားစုဆီအပ်နှံခြင်းအခမ်းအနားကိုပါ PDAရဲ့ အမှတ်၂ စစ်ဒေသမှာပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)ရဲ့ တာ၀န်ခံကပြောပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲကို အညာမြေတပ်ပေါင်းစုတပ်ဖွဲ့နဲ့အတူ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)-(အမှတ် ၈၁၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF၊ ပခုက္ကူစုဖွဲ့မှုမှ (YoungForce.PPDF. ThuRain.HunterPakokku. Earthquake )နဲ့ မြိုင် ပကဖ အပါအ၀င် ဒေသခံတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်။

တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10