ကိုင်းတောမရွာကိုဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၂ ဦးသေ၊ ၅ ဦးအရှင်ဖမ်းမိ

ကိုင်းတောမရွာကိုဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၂ ဦးသေ၊ ၅ ဦးအရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံး၊ အရှင်ဖမ်းမိသူတွေရှိပြီး လက်နက်ပစ္စည်းတွေလည်း သိမ်းနိုင်ခဲ့တယ်လို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ကိုင်းတောမရွာဘက်ကို စစ်‌ကြောင်းထွက်လာတဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က အင်အား ၃၀ ဝန်းကျင်ပါ စစ်သားတွေကို ဩဂုတ်၂၁ ရက် မနက် ၆ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁ နာရီခွဲမှာ တိုက်ပွဲပြီးဆုံးခဲ့တာလို့ မြိုင်မြို့နယ်ပကဖ ရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထန်းငယ်တောရွာနဲ့ ဆုံကုန်းရွာတွေကို ၀င်ရောက်ကာ ဆန်၊ ဆီတွေကိုယူပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။ 

အဲဒီကျေးရွာ ၂ ရွာကို ဝင်ရောက်မွေနှောက်ပြီးတဲ့နောက်မှာ ကိုင်းတောမရွာကို ဆက်လက်ထွက်ခွာလာတာ ဖြစ်ပါတယ်။ 

“ဒီကောင်တွေ မနေ့က ကိုင်းတောမရွာဘက်ကို ခိုးဆိုးလုယက်ဖို့ ထွက်လာတာ။ ထွက်လာတဲ့အချိန် ကျနော်တို့တတွေက ချုံခိုပြီးတိုက်ခိုက်ခဲ့တာ” လို့ မြိုင်ပကဖရဲဘော်တဦးက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ 

“လက်နက်တွေကြည့်တော့ ပျူစောထီးတွေကိုင်တဲ့လက်နက်တော့ မပါဘူး။ အလောင်းကတော့ ၁၂ လောင်းသိမ်းရတယ်။ တချို့ဟာတွေကတော့ ရွာသစ်ဘုန်းကြီးကျောင်းအစပ်မှာ သေဆုံးတာတော့ ဘယ်နှစ်ကောင်ရှိဦးမယ် မသိဘူး။ ကျနော်တို့ဆီကို တိုက်ပွဲအတွင်းမှာ လက်နက်ချပြီးအညံ့ခံတဲ့ စစ်သားက ၅ ဦးရှိတယ်” လို့  အထက်ပါရဲဘော်က ဆက်ပြောပါတယ်။ 

တိုက်ခိုက်ပြီးနောက် MA1 ၆ လက်၊ MA2 ၃ လက်၊ MA3 ၄ လက်၊ MA4 ၁ လက်၊ MA11 ၁ လက် ၊ G3  ၂ လက် ၊ 79MM ၁ လက် ၊ BA100( ၆၀ မမ) ၁ လက် ၊ G3 ကျည် ၁၉၂ တောင့် ၊ MA ကျည် ၈၆၇ တောင့် ၊ ၉ မမကျည် ၁၉၆ တောင့် ၊ ၆၀ မမဗုံးသီး ၁ လုံး ၊ ၈၁ မမ ဗုံးသီး ၅ လုံး ၊ ၄၀ မမဗုံးသီး ၁၂ လုံး ၊ အီနာဂါ ၃ လုံး ၊ RPG အဖူး ၃ ဖူး ၊ လက်ပစ်ဗုံး ၃ လုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၂ ၊ ၆ ၊ ၇) တပ်ရင်းများ ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု( Earthquake ၊ PPDF ၊ Young Force) ၊ အညာမြေတပ် ပေါင်းစု၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ့ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်‎ရေးတပ်ဖွဲ့ ၊ ဝံပုလွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်း လက်နက်ကြီးငယ် အဖွဲ့များ ၊ ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ကိုင်းတောမရွာ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10