ကိုယ်တိုင် စိုက်ပျိုးထားတဲ့ စပါးတွေကိုကြိတ်ခွဲပြီး ရေဘေးသင့်တွေကို ဆန်တင်း ၁၅၀ ကျော် ထောက်ပံ့ခဲ့တဲ့ S&C (ရုပ်/သံ)

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါးခင်းတွေကနေ ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး ဆန်တင်း ၁၅၀ ကျော်ကို ရေဘေးသင့်တွေအတွက် လက်ရှိမှာ လှူဒါန်းထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

အခုလိုစိုက်ပျိုးထားတဲ့ စပါးတွေကို ဇူလိုင် ၂၀ ရက်က စတင်ရိတ်သိမ်းခြွေလှေ့ နေပူလှမ်းကာ ကြိတ်ခွဲပြီးနောက် ပြည်သူတွေကို ခွဲဝေထောက်ပံ့ပေးခဲ့တယ်လို့ S&C အဖွဲ့တာဝန်ခံက ပြောပါတယ်။

အဲဒီလိုထောက်ပံ့မှုကိုတော့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်က စစ်ရှောင် ရေဘေးသင့် အိမ်ထောင်စု ၁ စုကို ဆန် ၄ ပြည်နှုန်းနဲ့ အိမ်ထောင်စု ၆၁၂ စုအတွက် စုစုပေါင်းဆန် ၂၄၄၈ ပြည်ကို ထောက်ပံ့ပေးခဲ့တာပါ။

ဆာလင်းကြီးမြို့နယ်အတွင်းမှာ ဇူလိုင် ၁၅ ရက်နောက်ပိုင်းမှာ ချင်းတွင်းမြစ်ရေတက်လာပြီး စစ်ရှောင်ပြည်သူတွေ စားသောက်ဖို့ခက်ခဲနေအတွက် ဦးစာပေးထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ မိုးစပါးတွေကိုလည်း နေလှမ်းတာ၊ ကြိတ်ခွဲတာတွေ ပြုလုပ်နေပြီး ရေဘေးသင့်ပြည်သူတွေကို ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်၊ ကျေးရွာတရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကစပြီး ရက်ပေါင်း ၁၀၀ သက်တမ်းရှိတဲ့ ဧရာမင်းစပါး ၄ ဧကကို စစ်ရှောင်၊ မီးဘေးသင့်နဲ့ CDM ဝန်ထမ်းတွေအတွက် စားနပ်ရိက္ခာအဖြစ်ထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီး စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။

စိုက်ပျိုးရာမှာလည်း ဆည်ရေမရတဲ့အတွက် ကိုယ်ပိုင်အင်ဂျင်စက်နဲ့ ရေတင်တဲ့စနစ်ကိုသာ အဓိကအားထား စိုက်ပျိုးရတာဖြစ်ပြီး S&C အဖွဲ့မှာရှိတဲ့ စိုက်ပျိုးရေးနည်းပညာရှင်တွေနဲ့ ဒေသခံတွေ စုပေါင်းကာ ပြုစုစောင့်ရှောက်ခဲ့တာလို့ ဆိုပါတယ်။

စိုက်ခင်းကုန်ကျစရိတ်အဖြစ်လည်း လယ်ယာမြေထွန်ယက်တဲ့ စက်သုံးဆီ၊ မျိုးစပါး၊ မြေသြဇာ၊ ရေတင်ဆီဝယ်ယူရတဲ့ ငွေကြေး ကုန်ကျစရိတ်သာရှိခဲ့ပြီး တဧက စပါးတင်း ၁၀၀ အထိ ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် အညာဒေသက တောင်သူတွေမှာ စစ်ရှောင်နေရတာ၊ နေအိမ်မီးရှို့ခံရတာ၊ စစ်ကြောင်းထိုးနေတာတွေကြောင့် လယ်ယာမြေတွေကို စိုက်ပျိုးမလုပ်ကိုင်နိုင်ဘဲ တောရိုင်းပင်တွေပေါက်နေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း#ဆားလင်းကြီး #S&C #မိုးစပါး #ရိက္ခာပံ့ပိုး #ရေဘေးသင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10