ကုန်ဈေးနှုန်းဒဏ် ဖိနှိပ်ခံနေရတဲ့ စက်ရုံအလုပ်သမားများဘဝ

ကုန်ဈေးနှုန်းဒဏ် ဖိနှိပ်ခံနေရတဲ့ စက်ရုံအလုပ်သမားများဘဝ

တရက်ကို တစ်ဒေါ်လာအောက်အခြေခံလုပ်အားခနဲ့ ရှင်သန်လည်ပတ်နေကြရတဲ့ သိန်းနဲ့ချီတဲ့စက်ရုံအလုပ်သမားတွေထဲမှာ ရန်ကုန်၊တောင်ဒဂုံစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်ဝင်နေတဲ့ မနှင်းဆီ*လည်း ပါတာပေါ့။ 

အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေနဲ့လဲရင် ငါးထောင်နီးပါးဖြစ်နေတဲ့ ဒီဇူလိုင်လထဲမှာ မနှင်းဆီတို့လို စက်ရုံ အလုပ်သမတွေရဲ့ အခြေခံလစာက တရက် ၄,၈၀၀ ကျပ်သာ ဥပဒေအရ သတ်မှတ်ထားတာပါ။ 

အထည်ချုပ်ကဏ္ဏမှာ အလုပ်သမားလေးသိန်းခွဲကျော် ဝင်ရောက်လုပ်ကိုင်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်းရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။ ဒီလုပ်သားအင်အားရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ မနှင်းဆီတို့လို အမျိုးသမီး အလုပ်သမတွေနဲ့ လည်ပတ်နေကြတာလည်း ဖြစ်ပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာငွေတန်ဖိုးဆက်တိုက်ထိုးကျနေတာကြောင့် သူတို့ဘဝတွေ ပိုမိုကျပ်တည်းလာရတယ်လို့ မနှင်းဆီက ဆိုတယ်။ 

“ တစ်ရက်ပျမ်းမျှ (ကျပ်)တစ်သောင်းလောက်သုံးရတယ်။ ဒါက ပုံမှန်ကုန်ကျနေတဲ့ အိမ်စရိတ်ပါပဲ။ တခြား ဗာဟီရ ကုန်ကျစရိတ်တွေ မပါသေးပါဘူး” လို့ မနှင်းဆီက ရှင်းပြတယ်။ 

ခြိုးခြံနိုင်သမျှချွေတာသုံးစွဲတာတောင် သူ့ဝင်ငွေတစ်ခုထဲဆို ရပ်တည်နိုင်ဖို့ခက်ခဲတယ်လို့ မနှင်းဆီကဆိုတယ်။ သုံးဦးသာရှိတဲ့ သူတို့မိသားစုမှာ အခုတော့ ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူလည်း မနှင်းဆီနဲ့အတူ စက်ရုံအလုပ်ကို လိုက်ဆင်းနေရတာပါ။

တောင်ဒဂုံ (၂၁) ရပ်ကွက်ထဲက ပေ ၂၀ x ပေ ၆၀ မြေကွက်ထဲမှာ ၁၀ ပေ x ၁၅ ပေလောက်သာကျယ်တဲ့ အိမ်ပုသုံးလုံး ဆောက် ထားတဲ့ ခြံရဲ့နောက်ဆုံးထောင့်ကအိမ်ကို သူတို့မိသားစုငှားရမ်းနေထိုင်ပါတယ်။

အသက် ၄၅ နှစ်အရွယ် မနှင်းဆီဟာ ဒီအိမ်ကို တစ်လရှစ်သောင်းကျပ်နဲ့ငှားပြီး အမေ၊ သမီးဖြစ်သူတို့နဲ့အတူ နေထိုင်ပါတယ်။ အမျိုးသားဖြစ်သူကတော့ ဆုံးသွားတာကြာပြီ။

ဒီခြံဝင်းထဲက တခြားမိသားစုတွေဟာလည်း မနှင်းဆီလိုပဲ စက်ရုံအလုပ်သမားမိသားစုတွေပါပဲ။ ဇူလိုင်လထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြင်ပငွေလဲနှုန်းအရဆိုရင် မနှင်းဆီတို့လို စက်ရုံအလုပ်သမားတွေရဲ့ တစ်ရက်အခြေခံလုပ်အားခက  တစ်ဒေါ်လာ ဝန်းကျင်သာ ရှိတော့တာပါ။ ဇူလိုင် ၁၈ ရက်မှာ ဖြစ်နေတဲ့ ငွေလဲနှုန်းက တစ်ဒေါ်လာကို ၄,၉၀၀ ကျပ်ဝန်းကျင်နဲ့ ပြင်ပဈေးကွက်မှာ ရောင်းဝယ်နေကြတာပါ။ 

“ အိမ်မှာ ကျန်းမာရေးကိစ္စ ဘာညာဖြစ်လာရင်လည်း ဒီအထဲကပဲ(နေ့စဉ်အိမ်စရိတ်) သုံးရတယ်။ မလုံလောက်ဘူးဆိုရင် တခြား သူတွေဆီက ငွေတိုးဆွဲပြီးဖြေရှင်းရတာပေါ့။ ဒီလိုပဲ လည်ပတ်နေရတာ” လို့ မနှင်းဆီက သူတို့နေ့စဉ်ဘဝကို ပြောပြတယ်။

တစ်နာရီလုပ်အားခ ကျပ် ၆၀၀ နဲ့ တွက်ပေးနေတာက မြန်မာငွေတန်ဖိုးထိုးကျနေတဲ့ဒီကာလမှာ တစ်ရှိန်ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းက မနှင်းဆီတို့ ခြံဝင်းတစ်ခုလုံးကို နှိပ်စက်နေတာပါ။

ကုန်ဈေးနှုန်းတက်ပေမယ့် ဝင်ငွေမတိုး 

စက်ရုံအလုပ်သမားတွေဟာ စားဝတ်နေရေးကျပ်တည်းပြီး အကြွေးပိလာတဲ့ဒဏ်ကို စစ်ကောင်စီလက်ထက်မှာ ပိုပြီးအလူးအလဲခံနေကြရပေမယ့် သူတို့အခွင့်အရေးကို အကာအကွယ် ပေးမယ့်သူမရှိဘဲ အာဏာရှင်အောက်မှာ ကူကယ်ရာမဲ့ဖြတ်သန်းနေကြရတာလို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ တချို့က ပြောပါတယ်။ 

“ဒီကုန်ဈေးနှုန်းနဲ့ ဒီဝင်ငွေနဲ့သာ စက်ရုံအလုပ်သမားတွေဆက်သွားရရင် သူတို့မှာ အာဟာရချို့တဲ့တာတွေ၊ ကျန်းမာရေးထိခိုက်တာတွေ၊ ကျန်းမာရေးချို့တဲ့ အာဟာရချို့တဲ့ရင် လူဟာ လုံးပါးပါးလာမှာပေါ့။ ဒါပေမဲ့ ဒီခေတ်ဆိုး၊ စနစ်ဆိုးထဲမှာ အလုပ်သမားဟာ ဒီလိုပဲ ဒရွတ်တိုက်လိုက်ပါနေရမှာပဲ။ နောက်ဆုံးသေကာမှပဲ ဇာတ်လမ်းပြတ်မှာပေါ့” လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုသိမ်းမောင်*ကပြောတယ်။

သူဟာ  ရန်ကုန်မှာဆက်လက်နေထိုင်ကာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေတွေကို စောင့်ကြည့်လေ့လာနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ 

NLD ခေတ် ၂၀၁၈ တုန်းက အနည်းဆုံးလုပ်အားခကို ဥပဒေအရ နောက်ဆုံးပြောင်းလဲသတ်မှတ်ပေးခဲ့တာပါ။ 

တစ်ရက် ၄,၈၀၀ ကျပ်ဟာ အလုပ်သမားမိသားစုတွေရဲ့စားဝတ်နေရေးကို မဖူလုံစေဘူးလို့ အဲဒီတုန်းကတည်းက တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းကတည်းက လုပ်ခလစာအခြေခံသတ်မှတ်ချက်ကို ပြောင်းလဲပေးတာ မရှိတော့ပါဘူး။ အဲဒီမတိုင်ခင် ဦးသိန်းစိန်အစိုးရတုန်းကတော့ တစ်ရက်လုပ်အားခ ၃,၆၀၀ ကျပ်သာ သတ်မှတ်ခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၈ တုန်းက မြန်မာငွေတန်ဖိုးအရ အလုပ်သမားတစ်ဦးဟာ တစ်ရက်ကို အမေရိကန်သုံးဒေါ်လာစွန်းစွန်း အခြေခံဝင်ငွေရှိပြီး ရှင်သန်ရပ်တည်ရေးအတွက် “စားလောက်ရုံတော့ ဖြစ်ခဲ့သေးတယ်”လို့ ကိုသိမ်းမောင်က ပြောပါ တယ်။ အဲဒီတုန်းက တစ်ဒေါ်လာကို ၁,၃၀၀ နဲ့ ၁,၅၀၀ ကျပ်ကြား ငွေလဲနှုန်းရှိခဲ့တာပါ။ 

“ဒီလိုရဖို့တောင် အဲဒီတုန်းက အစိုးရတွေကို အလုပ်သမားတွေက တိုက်ယူ(ဆန္ဒပြ)ခဲ့ရတာ”လို့ သူက ဆိုပါတယ်။ 

အခုတော့ အာဏာသိမ်းခံရမှုနဲ့အတူ နှစ်နှစ်တစ်ကြိမ် လုပ်ခလစာညှိနှိုင်းသတ်မှတ်ပေးရမယ့် ဥပဒေပါပြဌာန်းချက်ဟာ လျစ်လျူရှု့ခံလိုက်ရသလို စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေဟာ ကူကယ်ရာမဲ့အခြေအနေ ဆိုက်နေကြပြီလို့ အလုပ်သမား အရေးတက်ကြွသူတချို့က ဆိုပါတယ်။

စစ်ကောင်စီလက်ထက်မှာ မြန်မာငွေတန်ဖိုးကျဆင်းသွားတာက အခြေခံလူတန်းစားတွေရော မနှင်းဆီတို့လို အလုပ်သမား တွေရဲ့ နေ့စဉ်ဘဝတွေကိုပါ အပြင်းအထန် အထိနာစေတာလို့ လေ့လာသူတချို့က ပြောနေကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း(IMF)ကတော့ မြန်မာငွေဖောင်းပွမှုနှုန်းက ၂၀၂၄ မှာ ၁၅ ရာခိုင်နှုန်းရှိမယ်လို့ ဖော်ပြပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ တုန်းက ငါးရာခိုင်နှုန်းကျော်ပဲရှိခဲ့တာပါ။ လေ့လာသူတချို့ကတော့ မြေပြင်မှာ မြန်မာငွေဖောင်းပွမှုနှုန်းက ဒီထက်ပိုများနိုင်ပြီး ကျပ်ငွေရဲ့အသုံးခံနိုင်မှုအရည်အသွေးက စိုက်ထိုးကျဆင်းလာနေတယ်လို့ ဆိုကြပါတယ်။ 

ကျပ်ငွေတန်ဖိုးကျပြီး ကုန်ဈေးနှုန်းကတက်လာပေမယ့် အလုပ်သမားတွေရဲ့ ဝင်ငွေကတိုးမလာတဲ့အခါ နောက်ဆက်တွဲ လူမှုစီးပွား ပြသနာတွေကို ရင်ဆိုင်ကြရတယ်လို့ သူတို့အရေးကူညီပေးသူတချို့က ပြောပါတယ်။ 

“အခု ရွှေဈေး၊ ဒေါ်လာဈေးတွေအရဆိုရင် အလုပ်သမားရဲ့အခြေခံလစာဟာ တစ်ရက် (ကျပ်)တစ်သောင်းခွဲလောက် သတ်မှတ်မှသင့်မယ်။ တစ်သောင်းခွဲသတ်မှတ်မှ ငွေလဲနှုန်းနဲ့ကြည့်ရင် သုံးဒေါ်လာစွန်းစွန်းပဲ ရှိပါတယ်။ ဖြစ်သင့်တာကတော့ ဘင်္ဂလားဒေ့ရှ်တို့၊ လာအိုတို့ နှုန်းလောက်ဖြစ်သင့်တာပေါ့”လို့ ကိုသိမ်းမောင်က ပြောပါတယ်။ 

လာအိုနိုင်ငံမှာတော့  တစ်ရက်လုပ်အားခကို အမေရိကန်ဒေါ်လာ လေးဒေါ်လာဝန်းကျင် သတ်မှတ်ထားသလို မြန်မာ အလုပ်သမား သန်းနဲ့ချီ ရွှေ့ပြောင်းအလုပ်လုပ်နေကြတဲ့ထိုင်းနိုင်ငံမှာ တစ်ရက် ၁၀ ဒေါ်လာခန့်နဲ့ မလေးရှားနိုင်ငံမှာလည်း ၁၀ ဒေါ်လာဝန်းကျင် သတ်မှတ်ထားတယ်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း(ASEAN ) ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြ ပါတယ်။

 ဥပဒေအရ လုပ်ခလစာကို တိုးမြှင့်ပြင်ဆင်ပေးတာမျိုးမဟုတ်ဘဲ ထောက်ပံ့ကြေးအနေနဲ့ အလုပ်သမားတစ်ဦးကို တစ်ရက် တစ်ထောင်ကျပ် တိုးမြှင့်ပေးရမယ်လို့ ၂၀၂၃၊ အောက်တိုဘာမှာ အာဏာသိမ်းစစ်ကောင်စီက စက်ရုံတွေကို အမိန့်ထုတ် ထားတာတော့ ရှိပါတယ်။ 

ဒါကြောင့် တစ်ရက်လုပ်ခ ၅,၈၀၀ ကျပ် အခြေခံခံစားခွင့် စက်ရုံလုပ်သားတွေရသွားပေမယ့် အချိန်ပိုကြေးတွက်ပေးတဲ့အခါ ဥပဒေအရ သတ်မှတ်ထားတဲ့ ၄,၈၀၀ ကျပ်အပေါ်မှာသာ စက်ရုံပိုင်ရှင်တွေက တွက်ချက်ပေးတာကြောင့် အလုပ်သမားတွေ နစ်နာခဲ့တယ်လို့ အလုပ်သမားအရေးကူညီသူတချို့က ပြောပါတယ်။ 

“ ၁၀ လပိုင်းမှာ တစ်ထောင်တိုးရမယ်ဆိုပြီး အဲဒီမှာ စပြီး ခံစားခွင့်ပေးတယ်။ ဒါပေမဲ့ အိုဗာတိုင်ကြေးက တက်မလာဘူး။ တချို့ စက်ရုံတွေက လက်ရှိ (တစ်နာရီ) ၁,၂၀၀ နဲ့ပဲ သွားနေကြတာ အများစုပဲ။ တချို့တော့ ၁,၄၀၀၊ ၁,၅၂၀ ပေးတာတွေလည်း ရှိတယ်။ ၁,၂၀၀ နဲ့ သွားနေတဲ့ စက်ရုံကတော့ အများစုပါပဲ” လို့ လှိုင်ယာသာက ဖိနပ်စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်သူ ကိုစိုးပိုင်*က ပြောပါတယ်။ 

စက်ရုံအလုပ်သမား သိန်းနဲ့ချီ နေထိုင်ကြတဲ့ လှိုင်သာယာလိုမြို့နယ်တွေမှာဆိုရင် ပိုမိုကျပ်တည်း ချို့တဲ့ဆင်းရဲလာတဲ့ အလုပ် သမားတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်လို့ သူက ဆိုတယ်။ 

ကမ္ဘာ့ဘဏ်က ဇွန်လထဲမှာထုတ်ပြန်ခဲ့တဲ့ မြန်မာစီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာ (https://www.worldbank.org/.../myanmar-economic-monitor...) ထဲမှာ နိုင်ငံလူဦးရေရဲ့ ၃၂ ရာခိုင်နှုန်း၊ (လူ၁၀ယောက်မှာ သုံးယောက်လောက်)ဟာ ဆင်းရဲမွဲတေနေကြပြီလို့ သတိပေးပါတယ်။ ဒါက ၂၀၁၅ တုန်းက လူမှုစီးပွားအခြေအနေလောက်ကို ပြန်ရောက်သွားတာလို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ 

ကိုဗစ်ကပ်ရောဂါကာလမတိုင်မီတုန်းကအခြေအနေထက် အခုဆိုရင် လူခုနစ်သန်းလောက် ပိုပြီးဆင်းရဲမွဲတေသူတွေ ဖြစ်သွား ကြရပြီလို့လည်း အဲဒီအစီရင်ခံစာမှာဖော်ပြပါတယ်။ ဒီအခြေအနေကို အပြောင်းအလဲမလုပ်နိုင်ရင် ဆင်းရဲမွဲတေသူတွေ ဆက်ပြီးတိုးလာဖို့ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ အချက်အလက်တွေအရ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၃၀၀ ရာခိုင်နှုန်းကျော်အထိ ထိုးတက်နေတယ်လို့ ဖော်ပြပါတယ်။ (Workbook: Market Monitoring Dashboard v2 (wfp.org))

 

ပိုပိုဆိုးလာတဲ့ ဘဝတွေ 

အသက် ၃၆ နှစ်အရွယ် မဗေဒါ*ဟာ လှိုင်သာယာစက်မှုဇုန်က အိတ်ချုပ်တဲ့စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမ တစ်ဦးပါ။

ရှစ်ပေ x ကိုးပေ အခန်းကို တစ်လ ၈၀,၀၀၀ ကျပ်ပေးကာ တခြားဘဝတူ စက်ရုံအလုပ်သမတစ်ဦးနဲ့အတူ စုပေါင်းငှားပြီး နေထိုင်ပါတယ်။ 

သူ့ရဲ့စက်ရုံအလုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်းမှုက ဆယ်စုနှစ် နှစ်ခုစာနီးပါး ကြာနေပေမယ့် ဘဝကတော့ ပိုကောင်း မလာဘဲ ဆိုးသထက်ဆိုးလာနေတယ်လို့ ဆိုပါတယ်။

ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့အခါ တစ်ကိုယ်ရေသုံးစွဲမှုကို လျှော့လို့ရသမျှလျှော့သုံးပြီး “စားဖို့နဲ့ နေဖို့ကိုပဲ ဦးစားပေးထားရတယ်” လို့ မဗေဒါကဆိုပါတယ်။ စိတ်လက်အပန်းဖြေအနားယူမှုဆိုတာ အခုနောက်ပိုင်းကာလတွေမှာ မရှိသလောက်ပဲလို့ သူက ဆိုတယ်။ 

“ဘယ်လိုနေရသလဲဆိုတော့ ဒီနေရာမှာပဲအိပ်တယ်၊ ဒီနေရာမှာပဲ ချက်ပြုတ်တယ်၊ ဒီနေရာမှာပဲ စားတယ်ပေါ့။ အခန်းက ကျဉ်းတယ်လေ”လို့ သူတို့ဖြတ်သန်းနေထိုင်တဲ့ပုံစံကို မဗေဒါက ပြောပြတယ်။

ဟိုယခင်အရပ်သားအစိုးရတွေခေတ်တုန်းကတော့ သူတို့စက်ရုံအလုပ်သမားတွေရဲ့အခက်အခဲကို ပွင့်ပွင့်လင်းလင်းတင်ပြ တိုင်ပင်ဆွေးနွေးခွင့်တွေရှိခဲ့ပေမယ့် စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့နောက်ပိုင်းကတည်းက အဲဒီအခွင့်အရေးတွေ ပျောက် ဆုံးသွားရတယ်လို့ သူက ဆိုပါတယ်။ 

“ အရင်လို ဘာမှပြောခွင့်ဆိုခွင့် စက်ရုံထဲမှာမရတော့ပါဘူး။ ပြောရဲဆိုရဲရှိသူတွေလည်း အဖမ်းခံရသူနဲ့ အလုပ်ထုတ်ခံရသူ နဲ့ဆိုတော့ ဘယ်သူမှလည်း မပြောကြတော့ဘူး။ အခုကတော့ အားလုံး ကြိတ်ခံရတာပါပဲ” လို့ စက်ရုံတွင်းက သူတို့ကြုံနေရတဲ့ အခြေအနေကို မဗေဒါက ပြောပြတယ်။

 Myanmar Labour Society အဖွဲ့ကထုတ်တဲ့ ‘၂၀၂၃ ခုနှစ်အတွင်း အလုပ်သမားများအပေါ် ချိုးဖောက်မှုသတင်းများအား ဆန်းစစ်ခြင်း’ ဆိုတဲ့ စစ်တမ်းမှာ မဗေဒါနဲ့မနှင်းဆီတို့လို အထည်ချုပ်ကဏ္ဏကအလုပ်သမားတွေဟာ အခွင့်အရေးချိုး ဖောက်ခံရမှု အများဆုံးအဖြစ် မှတ်တမ်းဝင်နေတယ်လို့ ဆိုပါတယ်။ 

Myanmar Labour News သတင်းဌာနရဲ့ အချက် အလက်တွေကိုအခြေခံပြီး သူတို့က ဒီစစ်တမ်းကိုထုတ်ပြန်တာပါ။ 

အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စက်ရုံတွင်းမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်တာ၊ လုပ်ခလစာ ခေါင်းပုံ ဖြတ်တာတွေ ပိုတိုးလာနေပေမယ့် အလုပ်သမားတွေဘက်မှာ အကာအကွယ်မဲ့နေဆဲပဲလို့ အဲဒီစစ်တမ်းမှာ ဖော်ပြပါတယ်။ 

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်လို့ သတင်းဖော်ပြချက်ဟာ ၂၀၂၃ မှာ ၄၃၅ ကြိမ်အထိ ရှိခဲ့တယ် လို့ ဆိုပါတယ်။ ဒါက ၂၀၂၂ မှာ ၁၆၄ ကြိမ်ဖော်ပြခံရမှုထက် သုံးဆလောက်ပိုများလာတာပါ။

၂၀၂၃ ထဲမှာ လစာခေါင်းပုံအဖြတ်ခံရတဲ့ဖြစ်ရပ်သတင်းက  ၁၃၇ ကြိမ် ရှိခဲ့ပြီး အထည်ချုပ်ကဏ္ဏမှာ အများဆုံးဖြစ်ခဲ့တာလို့ ဒီစစ်တမ်းမှာ ဖော်ပြပါတယ်။ 

ဒုတိယအများဆုံးအခွင့်အရေးချိုးဖောက်ခံရမှုက အချိန်ပိုဆင်းခိုင်းတဲ့ကိစ္စတွေဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ဆဲဆိုကြိမ်းမောင်းတဲ့ ဖိနှိပ်မှုတွေက တတိယအများဆုံးလို့ ဖော်ပြပါတယ်။ စတုတ္ထကတော့ ခွင့်ရက်မပေးတဲ့ပြဿနာတွေဖြစ်ပြီး ဖိအားပေး အလုပ်စေခိုင်းတာတွေက ပဥ္စမအများဆုံးလို့ အဲဒီစစ်တမ်းမှာ ဖော်ပြပါတယ်။ 

ဒီလိုအခြေအနေတွေ အလုပ်သမားတွေကြုံရပေမယ့် ဥပဒေအရ အကာအကွယ်ကိုမရကြတော့ဘူးလို့ စစ်တမ်းက သတိပေးပါတယ်။ 

ကိုသိမ်းမောင်ကတော့ ရန်ကုန်မြို့ကစက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေက နေ့တိုင်းရှိနေပေမယ့် လူမသိသူမသိသာ ပျောက်ကွယ်သွားကြတယ်လို့ ဆိုပါတယ်။

“အလုပ်သမားကလည်း ဟိုအရင်တုန်းကလို မပြောရဲတော့ဘူးလေ။ အရင်ကတော့ ILO ယန္တရားအရ ဖျန်ဖြေရေးယန္တရား ရှိတယ်။ အဲဒီအထဲက အလုပ်သမားကိုယ်စားလှယ်အစုအဖွဲ့က အာဏာသိမ်းလိုက်ကတည်းက နုတ်ထွက်သွားပြီလေ။ အဲဒီတော့ အလုပ်သမားတွေဘက်က ရပ်တည်မယ့်သူ မရှိတော့ဘူးပေါ့” လို့ သူက ပြောပါတယ်။ 

အလုပ်ရှင်ကိုယ်စားလှယ်နဲ့ အစိုးရကိုယ်စားလှယ်သာကျန်တော့တဲ့ ဖျန်ဖြေရေးယန္တရားဟာ အလုပ်သမားတွေအတွက် အကာအကွယ် မပေးနိုင်တော့သလို အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အလုပ်ရှင်တွေဟာ ဒီယန္တရားကို ဂရုမစိုက်တော့ ဘူးလို့ သူက ဆိုတယ်။

“အလုပ်ရှင်က ရှင်းတယ်။ ဘယ်မှ တိုင်မနေဘူး၊ ညှိမနေဘူး။ တစ်ခုခုဆိုရင် စစ်တပ်ခေါ်တာ။ ဒီတော့ ဘယ်အလုပ်သမားက ဘာများပြောရဲတော့မလဲဗျာ။ လိုင်းပေါ်မှာပျံ့နေတဲ့ ဗီဒီယိုတစ်ခုမှာဆိုရင်ကြည့်ပါလား၊ ပိုင်ရှင်က စစ်တပ်ခေါ်လိုက်တယ်။ ရောက်လာတဲ့စစ်ဗိုလ်ကဘာပြောသလဲဆိုတော့ စက်ရုံဆိုတာ သမဂ္ဂရှိစရာမလိုဘူးတဲ့။ အလုပ်ကိုသာ ကောင်းကောင်းလုပ် ဆိုပြီး ခြိမ်းခြောက်နေတာလေ” လို့ သူက ပြန်ပြောင်းပြောပြတယ်။ 

သူတို့စက်ရုံဆိုရင် ကျန်းမာရေးမကောင်းလို့ ခွင့်ယူတာနဲ့ “ နင့်ကနဲနေအောင်ကို လစာကိုဖြတ်ပစ်တာ။ တစ်ခါယူမိရင် လေးငါးသောင်း(ကျပ်)လောက်ဖြတ်ခံထိတယ်”လို့ မဗေဒါက ပြောပြတယ်။

 အရပ်က ငါးပေသာသာ၊ ခန္ဓာကိုယ်က ပါးပါးလှပ်လှပ်နဲ့ အသားခပ်လတ်လတ်ရှိတဲ့ မဗေဒါဆိုရင် မကြာခဏ ဖျားနာတတ်သူလို့ ဆိုပါတယ်။ ဒါပေမဲ့ အလုပ်ပျက်ရင် ငွေဖြတ်ခံထိမှာစိုးရိမ်တာကြောင့် “ ဆေးစပ်သောက်ပြီး အလုပ်တော့ ဆင်းနေရတယ်” လို့ ပြောပြပါတယ်။ 

ဒီလို လုပ်အားခကို ခေါင်းပုံဖြတ်၊ အလုပ်သမားအခွင့်အရေးအရ ရပိုင်ခွင့်တွေကို လုပ်ငန်းခွင်အတွင်းမှာ  ချိုးဖောက်ခံနေရ ပေမယ့် အခြေအနေအရ ဘာမှပြောဆိုပိုင်ခွင့်မရတော့ဘူးလို့ မဗေဒါက ဆိုတယ်။

“ ညီမတို့ အလုပ်သမားတွေကို စက်ရုံက ခေါင်းပုံဖြတ်နေတာကို ညီမတို့ မသိဘူးများ သူတို့က(စက်ရုံပိုင်ရှင်) မှတ်နေသလား မသိဘူး။ ညီမတို့က သိတာပေါ့။ သိသိကြီးနဲ့ကို  ကြိတ်ခံနေကြတာပါ။ ဆေးခွင့်ဆိုရင်တစ်လရှိမယ်။ ရှောင်တခင်ဆိုရင် ခြောက်ရက် ရှိမယ်။ လုပ်သက်ခွင့်ဆိုရင် ၁၀ ရက်ရှိမယ်။ ဒါတွေနဲ့ပတ်သက်လို့ လုပ်အားခကို သူတို့ဖြတ်တောက်ပိုင်ခွင့်မရှိဘူး” လို့ မဗေဒါက ပြောပြတယ်။ 

ဒါအပြင် တခြားစက်ရုံတွေက အခြေခံလစာ ၄,၈၀၀ အပြင် အပိုကြေးအဖြစ် တစ်ရက်ကို နှစ်ထောင်၊ သုံးထောင်ကျပ်အထိ ဒီကာလမှာ တိုးပေးနေချိန်မှာ သူတို့စက်ရုံကတော့ စစ်ကောင်စီအမိန့်အရ တိုးပေးထားတဲ့ တစ်ထောင်ကျပ်သာ အပိုဆောင်း ပေးတယ်လို့  မဗေဒါက ပြောပါတယ်။ 

လက်ရှိစက်ရုံအများစု အလုပ်သမားကို ငွေပေးချေတဲ့ ပုံစံကတော့ ဥပဒေအရ သတ်မှတ်ထားတဲ့ တစ်ရက် ၄,၈၀၀ ကျပ်အပြင် အပိုဆောင်းကြေးတွေအဖြစ် ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ နှစ်ကြေးနဲ့ အချိန်ပိုကြေးဆိုတဲ့ ခေါင်းစဉ် တွေနဲ့ တွက်ချက်ပေးနေကြတာပါ။

 အလုပ်သမားတစ်ဦးအနေနဲ့ ဒီလိုအပိုဆောင်းကြေးတွေရဖို့ဆိုရင် တစ်လပတ်လုံး အလုပ်ဆင်းရက်တိုင်း အလုပ်မပျက်ဖို့ လိုပါတယ်။ ဖျားနာတာ သို့မဟုတ် လူမှုရေးကိစ္စတစ်ခုခုကြောင့် အလုပ်ခွင့်ယူမိခဲ့ရင် စက်ရုံကပေးထားတဲ့ အပိုဆောင်း ကြေးတွေမရတော့သလို အလုပ်ပျက်တဲ့နေ့တွက်ခကိုပါ အခြေခံလစာထဲကနေ ထပ်ဖြတ်သေးတာလို့ အလုပ်သမားတွေက ဆိုကြပါတယ်။

“ အလုပ်သမားရဲ့ လုပ်အားကို အပိုဆောင်းကြေးမက်လုံးနဲ့ ချုပ်ကိုင်ထားလိုက်တဲ့ သဘောပေါ့ဗျာ။ ဒီလိုနည်းကို စက်ရုံတိုင်း ကျင့်သုံးနေတာပါပဲ”  လို့ ကိုသိမ်းမောင်က ပြောတယ်။ 

ဒီလို လုပ်ထားတဲ့အတွက် အလုပ်သမားတွေဟာ အလုပ်မပျက်ရဲတော့ဘူးလို့ သူကဆိုတယ်။ သာရေး၊ နာရေး အပါအဝင် ကျန်းမာရေးမကောင်းရင်တောင် အသည်းအသန်မဖြစ်သေးခင်အထိ ဆေးသောက်ပြီး အလုပ်ဆင်းကြရတယ်လို့ ကိုသိမ်းမောင် က ပြောတယ်။ 

“ ကြောက်စရာတောင် ကောင်းတယ်။ တစ်ရက်ပျက်တာနဲ့ လကုန်ရင် ငါးသောင်းတို့၊ ရှစ်သောင်းတို့ အဖြတ်ခံရတာ” လို့ ကိုသိမ်းမောင်က ဆိုပြီး အလုပ်သမားတွေ ကြုံနေရတာကို အခုလိုလည်း ထပ်ပြောပါတယ်။

“တစ်ရက်ပျက်လို့ သူ့ရဲ့ အခြေခံလစာ ၄,၈၀၀ ကိုပဲ ဖြတ်တယ်ဆိုရင် သူနေထိုင်မကောင်းရင် နားချင်နားဦးမှာပေါ့။ အခုက တစ်ရက်ပျက်တာနဲ့ ရမယ့်အပိုဆောင်းကြေးတွေအကုန်ဖြတ်တယ်ဆိုတော့ သူ့မှာ အလုပ်မပျက်ရဲတော့ဘူး။ နာရေးရှိရှိ၊ သာရေးရှိရှိ၊ နေထိုင်မကောင်းဖြစ်ဖြစ်၊ အလုပ်မပျက်ဖို့အတွက် သူ့မှာ ဖိအားနဲ့ရင်ဆိုင်နေရရော” 

 

ခေတ်အဆက်ဆက် အဖိနှိပ်ခံနေရတဲ့အလုပ်သမားတွေ

အလုပ်သမားတွေအပေါ်မှာ စေတနာမရှိတာကတော့ အစိုးရတိုင်းလိုလို အတူတူပဲလို့ အလုပ်သမားအရေးကူညီသူတချို့က ဆိုကြပါတယ်။ အခုလို အာဏာရှင်စနစ်မှာတော့ ပိုဆိုးတဲ့ အခြေအနေကို အလုပ်သမားတွေ ကြုံကြရတယ်လို့ သူတို့က ပြောပါ တယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေတ်မှာ ဥပဒေအရ အလုပ်သမားလစာပြင်ဆင်သတ်မှတ်ပေးရတော့မှာ ဖြစ်ပေမယ့် ရင်းနှီးမြုပ်နှံမှုတွေ မဝင်တော့မှာစိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်ဆင် သတ်မှတ်ပေးတာမျိုး မရှိခဲ့ဘူးလို့ သူတို့က ဆိုကြတယ်။ 

နောက်ပိုင်းကပ်ရောဂါတွေဖြစ်၊ စစ်တပ်ကပါ အာဏာသိမ်းလိုက်တဲ့အခါ အလုပ်သမားတွေဟာ ကူကယ်ရာမဲ့ဘဝကို ရောက်ကုန်တာပဲလို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ 

အသက် ၃၅ နှစ်အရွယ် မမြင့်ဆိုရင် ရခိုင်ပြည်နယ်ကနေ ရန်ကုန်မှာ စက်ရုံအလုပ်သမအဖြစ် ၁၅ နှစ်လောက် အသက်မွေး နေပေမယ့် သူဘဝက ပိုကောင်းမလာဘူးလို့ ပြောပါတယ်။ 

ညီမနှစ်ဦးနဲ့အတူ လှိုင်သာယာက အဆောင်တစ်ခုမှာ သူက ငှားရမ်းနေထိုင်ပါတယ်။ သူ့ညီမအငယ်လေးက ဒီနှစ် ကိုးတန်း တက်နေသူပါ။ စက်ရုံဆင်းလို့ရတဲ့ဝင်ငွေနဲ့ ညီမနှစ်ဦးကိုစောင့်ရှောက်ရသလို နယ်က စစ်ဘေးဒုက္ခသည် မိဘတွေကိုလည်း မမြင့်က ပြန်ထောက်ပံ့ရပါသေးတယ်။

အခုတော့ သူအပါအဝင် သူတို့စက်ရုံက အလုပ်သမ ၄၀ ကျော်ဟာ စက်ရုံပိုင်ရှင်ဖြစ်သူရဲ့ အလုပ်သမားအခွင့်အရေးချိုး ဖောက်မှုကြောင့် ဒီကာလမှာ ဝင်ငွေနည်းပြီး အကြပ်အတည်းတွေ့နေရပါတယ်။ 

မမြင့်အလုပ်လုပ်နေတဲ့စက်ရုံက လှိုင်သာယာစက်မှုဇုန်ထဲမှာရှိတဲ့ ပေါ်ပြူလာဆိုတဲ့အထည်ချုပ်စက်ရုံဖြစ်ပြီး အခုတော့ ဘောမီအမည်နဲ့ လည်ပတ်နေပါတယ်။ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ခဲ့တာပါ။ ဒီအခါ စက်ရုံသစ်မှာ ဆက်မလုပ်ချင်တဲ့ အလုပ်သမားဟောင်းတွေကို အလုပ်သမားဥပဒေအရ ပိုင်ရှင်က လုပ်သက်အလိုက်လျော်ကြေး ပေးရမှာပါ။

ဒါကို မပေးချင်တဲ့ပိုင်ရှင်ဟာ အလုပ်သမားတွေကိုယ်တိုင် စိတ်ညစ်ပြီးအလုပ်ထွက်သွားအောင်လို့ အမျိုးမျိုး ညစ်လုံးထုတ် နေတာကို မမြင့်တို့တသိုက်ကြုံနေရတာဖြစ်ပါတယ်။

စက်ရုံပိုင်ရှင်ဟာ သူနဲ့ဆက်ပြီးလက်မတွဲလိုတဲ့ အလုပ်သမားတွေကို တစ်ရက် ၄,၈၀၀ ကျပ်ပေးကာ မေလ ၂၀ ရက်ကတည်းက အလုပ်နားခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားအဖြစ်ကတော့ မထုတ်ပယ်ပါဘူး။ ဒီအတွက် မမြင့်တို့ဟာ တခြားစက်ရုံမှာလည်း အလုပ်ဆင်းခွင့်မရသလို စက်ရုံဆင်းနေရင်ခံစားခွင့်ရမယ့် ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ လုပ်သက် ခံစားခွင့် စတာတွေလည်း မရဖြစ်နေကြတာပါ။ 

“ သူတို့စက်ရုံဘက်က ဖြုတ်မယ်ဆိုရင် အကုန်လုံး ဖြုတ်ပေးလို့ ရတယ်။ သက်သက်မဲ့ကို မဖြုတ်ဘဲနဲ့ ထားထားတာ။ တစ်ရက် ၄,၈၀၀ ပေးနိုင်တယ်ပေါ့၊ တခြားရုံတွေမှာ သွားလုပ်လို့မရအောင်ကို ညစ်ထားတဲ့သဘောပေါ့” လို့ မမြင့်က ပြောပြတယ်။

ဒီအခြေအနေကို သည်းမခံနိုင်ရင် အလုပ်သမားအနေနဲ့ နစ်နာလျော်ကြေးမယူဘဲ အလုပ်ထွက်ပေးရဖို့သာရှိတယ်လို့ သူက ဆက်ပြောတယ်။ 

“ သက်သက်မဲ့ပေါ့၊ ညှင်းဆဲနေတာမျိုးပေါ့။ စိတ်ဓါတ်ကျပြီး သူ့ဘာသာသူ ထွက်သွားအောင်၊ သူတို့ လျော်ကြေးပေးစရာ မလိုအောင်လို့ ညစ်နေတဲ့သဘောပါပဲ။ ပေးမယ်ဆိုရင် ပေးလို့ရတာပဲဟာ။ အခုက အလုပ်သမားတွေကို စိတ်ညစ်အောင် သူတို့က လုပ်နေတာပေါ့” လို့ သူက ရှင်းပြတယ်။ ဒီစက်ရုံမှာ လုပ်သက် ငါးနှစ်လောက် ရှိလာပြီဖြစ်တဲ့ မမြင့်အတွက် လျော်ကြေးအဖြစ် အမြင့်ဆုံးရနိုင်တဲ့ငွေက ကျပ်ငါးသိန်းခန့်သာ ရှိပါတယ်။ 

သူတို့ရဲ့ အခွင့်အရေးအတွက် စုပေါင်းရပ်တည်နေကြပေမယ့် တစ်ရှိန်းထိုးတက်နေတဲ့ ကုန်ဈေးနှုန်းအရ ရေရှည်မှာ တစ် မျိုးတစ်မည် ပြောင်းလဲဆုံးဖြတ်ရမယ့်အခြေအနေလို့ မမြင့်က ချိန်ချိန်ဆဆ ဆိုတယ်။ 

ပြီးခဲ့တဲ့လကဆိုရင် စက်ရုံလည်းမဆင်းရ၊ ရနေတဲ့ ဝင်ငွေကလည်း မလောက်ငတဲ့အတွက် ဘဝတူစက်ရုံအလုပ်သမတစ်ဦးကို အကူအညီတောင်းကာ သူတို့ညီမတွေနေထိုင်တဲ့ အဆောင်လခကို ရှင်းထားရတာလို့ သူကဆိုတယ်။ 

အလုပ်သမားတစ်ဦးရဲ့ရပိုင်ခွင့်ကို ခေါင်းပုံဖြတ်နေတဲ့ တရုတ်နိုင်ငံသား ဒီစက်ရုံပိုင်ရှင်ရဲ့ မတရားဖိနှိပ်မှုကို မခံချင်လို့သာတောင့်ခံနေပေမယ့် မိသားစုစားဝတ်နေရေးအတွက်က နေ့စဉ်လိုလို စိန်ခေါ်မှု ကြီးမားနေတယ်လို့ မမြင့်က ဆိုပါတယ်။ 

“ဒီကုန်ဈေးနှုန်းနဲ့ ဒီ ၄,၈၀၀ နဲ့က ဘယ်လိုမှ ရပ်တည်လို့ မရဘူး၊ ကျွန်မတို့လည်း ဒါကြောင့် ညစ်နေတာပါပဲ” 

*မှတ်ချက်။ ။ လုံခြုံရေးအခြေအနေအရ ဆောင်းပါးတွင်ပါဝင်သူများမှာ အမည်လွှဲများဖြစ်ပါသည်။

( ဤဆောင်းပါးသည် မော်ကွန်းမဂ္ဂဇင်း၏ ဆောင်းပါးဖြစ်သည်။ မော်ကွန်းမဂ္ဂဇင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသော စုံစမ်းထောက်လှမ်းရေးသားသည့် သတင်းဌာနတခုဖြစ်သည်။ )

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10