သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေထဲက အစောင့်စစ်သား ၃ ဦး လက်နက်နဲ့တကွ ထွက်ပြေးသွားပြီးနောက် ကောလင်းမြို့အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးမှုတွေများပြားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လ ဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နဲ့ထွက်ပြေးသွားလို့ နီးစပ်ရာရွာတွေမှာ ရှာဖွေမှုတွေလုပ်ဆောင်နေတာကနေ လက်ရှိမှာ တာရွာ၊ မြောင်းကြီး၊ နှောခုံ၊ တဇူး စတဲ့ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
"စစ်သားတွေ ထွက်ပြေးတာက ကြာပြီ။ နှစ်ပတ်လောက်တောင်ရှိတော့မယ်။ အခုမှအထက်က သူတို့ပြေးတာသိပြီး အရှေ့ခြမ်းကရွာတွေကို စစ်ကြောင်းထိုးတော့တာပဲ" လို့ ကောလင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့အပြင် ည ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အဆိုပါအချိန်အတွင်း သွားလာသူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။
"စစ်ကြောင်းက မနက် ၄ နာရီဝင်ထိုးတော့ ရွာထဲကလူတွေ အကုန်ပိတ်မိကုန်တယ်။ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်တယ်။ ခုစစ်ကြောင်းထိုးနေတဲ့ ရွာတွေဘက်မှာ အိမ်ခွန်ဆိုပြီး တိုက်အိမ်ဆို ၂ သောင်း၊ ရိုးရိုး အိမ်ဆို ၃၀၀၀ ကနေ ၅၀၀၀ အထိ အဓမ္မတောင်းယူသွားကြတယ်"လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ကောလင်းမြို့ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး၀င်ရောက်မှုများ မကြာခဏပြုလုပ်ကာ ဒေသခံများကို ရိုက်နှက်ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့အပြင် သတ်မှတ်ချိန်ထက်ကျော်လွန်သွားလာသူတွေကို ပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သွားရေးလာရေးနဲ့ စား၀တ်နေရေး ခက်ခဲလျက်ရှိတယ်လို့ သိရပါတယ်။
အလားတူ စစ်ကောင်စီတပ်က ယခုစစ်ကြောင်းထိုး ၀င်ရောက်နေတဲ့ ကောလင်းမြို့နယ်ရှိ တာကြီးကျေးရွာကို ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်၊ နို၀င်ဘာ ၄ ရက်က ဒေသခံပြည်သူတွရဲ့ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#သတင်း #ကောလင်း #စစ်ကာင်စီတပ် #ထွက်ပြေးမှု #စစ်ကြောင်းထိုး #ဒေသခံများ #ခက်ခဲမှု
Share Share Share