ကံကြီးကုန်းစခန်းကို PDFတွေ အပြီးသတ်သိမ်းပိုက်စဉ် စစ်တပ်က ကြည်း၊ ရေ ၊လေ ပစ်ကူနဲ့ ပြန်လည်ခုခံခဲ့

ကံကြီးကုန်းစခန်းကို PDFတွေ အပြီးသတ်သိမ်းပိုက်စဉ် စစ်တပ်က ကြည်း၊ ရေ ၊လေ ပစ်ကူနဲ့ ပြန်လည်ခုခံခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကံကြီးကုန်းကျေးရွာ ပျူစောထီးစခန်းတခုလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သိမ်းပိုက်ရလုဆဲဆဲမှာဘဲ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ၃ ခုနဲ့ ပစ်ကူပေးခဲ့တာကြောင့် စခန်းကို မသိမ်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ PDF ရဲဘော်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၈ နဲ့ ၂၉ ရက်တို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၁၀၀ ခန့်ရှိတဲ့ ကံကြီးကုန်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သြဂုတ် ၃၀ ရက်မှာ စခန်းထဲက နောက်ဆုံးလက်ကျန် ဘန်ကာတခုကို တိုက်ခိုက်နေချိန် စစ်ကူတွေကြောင့် မွန်းလွဲ ၂ နာရီမှာ ပြန်လည်ဆုတ်ခွာလာခဲ့ရတာလို့ ဆိုပါတယ်။

"အဲဒီ(သြဂုတ် ၃၀)နေ့လယ်မှာပဲ နမခ ကနေ Mi-35 ရောက်လာပြီးတော့ တနေကုန် Mi-35 နဲ့ လုံးဝ နောက်ပြန် မသွားဘဲနဲ့ ဝိုက်ဝိုက်ပြီးတော့ ကြဲပေးတယ်။ ပြီးတော့ နမခကနေ စစ်သင်္ဘောသုံးစီးနဲ့ တပ်ကူတန်းလာတာဗျ။ ဟောင်ဝစ်ဇာနဲ့လည်း တောက်လျောက်ပစ်ကူပေးတာ။ အဲ့တော့ ရဲဘော်တွေက ဆုတ်ပေးလိုက်ရတယ်" လို့ မြေပြင်အခြေအနေကို သိရှိထားတဲ့ PDF ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ချင်းတွင်းမြစ်ကမ်းနံဘေးမှာရှိတဲ့ ကံကြီးကုန်းပျူစောထီးစခန်းကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ စစ်ကူပေးလာတဲ့ စစ်သင်္ဘော ၃ စီးမှာ စခန်းထဲစစ်သားတွေချထားခဲ့ပြီးနောက် တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သားနဲ့ ပျူစောထီး အလောင်းတွေကိုတင်ဆောင်ကာ မွန်းလွဲ ၃ နာရီလောက်မှာ နမခကိုပြန် သွားခဲ့တယ်လို့ ဆိုပါတယ်။

"Mi-35 က သင်္ဘောတွေ ကမ်းကပ်နိုင်ဖို့ တောက်လျောက်ပစ်ကူပေးခဲ့တာ။ ဟောင်ဝစ်ဇာနဲ့လည်း အချက်ရေ ၃၀ လောက် ပစ်ကူခဲ့တယ်။ စစ်ကူချခဲ့တဲ့ အင်အားတော့ ခန့်မှန်းလို့ မရဘူးဗျ။ တိုက်ပွဲမှာတော့ စကစဖက်က တော်တော်လည်း အကျအဆုံးများခဲ့တယ် " လို့ အထက်ပါ PDF ရဲဘော်က ပြောပါ တယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)ဘက်မှ မြေမြှုပ်မိုင်းနင်းမိပြီး ရဲဘော် ၆ ဦး ခြေထောက် ဖြတ်လိုက်ရသလို နောက်ထပ်ရဲဘော် ၄ ဦးမှာလည်း လက်နက်ကြီးကျည်စတွေထိ မှန်ခဲ့ကြပေမယ့် တဦးတယောက်မှ ကျဆုံးမှုမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ကံကြီးကုန်းကျေးရွာမှာ စစ်ကောင်စီတပ်အတွက် စစ်ရေးအရ မဟာဗျူဟာကျတဲ့နေရာတခု ဖြစ်တာကြောင့် အဲဒီစခန်းမကျဆုံးရရေး အင်အားအလွန်အကျွံသုံးကာ ခုခံနေကြတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ပျူစောထီး အင်အား ၁၀၀ ခန့်နဲ့ အခိုင်အမာပြုလုပ်ထားတဲ့ ကံကြီးကုန်းစခန်းကို မုံရွာခရိုင်ကွပ်ကဲမှုအောက်ကနေ စစ်ဒေသတပ်ရင်း ၆ မှ ဦးဆောင်ပြီးတိုက်ခိုက်နေတာဖြစ်သလို MODတပ်ရင်းတွေပါ ဝန်းရံတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့ #ကံကြီးကုန်းကျေးရွာ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10