ကျပ်ထိုးရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေများနိုင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်ထိုးကျေးရွာ၊ ကျပ်ထိုးရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးအထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များပြားတယ်လို့ ရိုးမရာဇာတပ်ရင်း နယ်စည်းမခြားအဖွဲ့ဆီက သိရပါတယ်။

အင်အား ၄၀ ဦး ဝန်းကျင်ရှိတဲ့ စစ်သားနဲ့ရဲတွေ တပ်စွဲထားတဲ့ ကျပ်ထိုးရဲစခန်းကို ဩဂုတ် ၁ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ကနေ ၄ နာရီ ၄၅ မိနစ်အထိ ဝင်ရောက်စီးနင်းတိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲချိန် ၁ နာရီလောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့က ဒီမစ်ရှင်ကိုလုပ်ဖို့ လွန်ခဲ့တဲ့ တလ နှစ်လ လောက်ကတည်းက အချိန်ယူနေတာ။ နယ်မြေလေ့လာရတယ်။ ကျနော်တို့ သတင်းအချက်အလက်ပြည့်စုံပြီဆိုတာနဲ့ စခန်းတိုက်ဖို့ ၃ ရက်အလိုကတည်းက ချဉ်းကပ်ခဲ့တာ။ စခန်းရဲ့အတွင်းဧရိယာအထိ စီးနင်းနိုင်ခဲ့တယ်။ သူတို့ဘက်က သေဆုံးမှုလည်း အရမ်းများပါတယ်။ ကျနော်တို့ မျက်မြင်တွေ့တာကို ၁၀ ကောင်ထက်အထက်မှာရှိတယ်။" လို့ တပ်ခွဲမှူး ရန်ဖြိုးက ဆက်ပြောပါတယ်။

စခန်းအတွင်းဧရိယာအထိ ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ပေမယ့် ပျူရွာတွေကနေ စစ်ကူတွေ ထွက်လာကြသလို တိုက်ပွဲအချိန်ကြာမြင့်တာကြောင့် ကျည်အင်အား မလုံလောက်တော့ဘဲ ကာကွယ်ရေးအဖွဲ့တွေက ပြန်ဆုတ်ခွာလာခဲ့ရတယ်လို့ ပြောပါတယ်။

အဲ့ဒီကျပ်ထိုးရဲစခန်းမှာ နယ်မြေခံရဲတွေနဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေ အင်အား ၄၀ နဲ့ အထိုင်ချတပ်စွဲထားတာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရိုးမရာဇာတပ်ရင်း(နယ်စည်းမခြား)၊ God of Myaing ၊ ဗိုလ်စကားပြောက်ကျား၊ ချောက်မြို့ပြပြောက်ကျား၊ M7 ပုလဲ၊ ပုလဲ ရင်း(၈)၊ ယင်းမာပင် ရင်း(၂၇)၊ ယင်းမာပင် ခရိုင်ရင်း(၁၂)၊ King fighter SGF၊ ပေါက် ပကဖ ရင်း(၄)၊ ပခုက္ကူ ရင်း(၈)၊ ပခုက္ကူ ရင်း(၁၃)၊ ပခုက္ကူ ရင်း(၁၈)၊ ကမ္မ PDF၊ BLDF၊ Black Hero၊ YGF၊ Pauk Generation Star နှင့် တော်ဝင်ကျား တို့က ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #ကျပ်ထိုးကျေးရွာ #ကျပ်ထိုးရဲစခန်း #စီးနင်းတိုက်ခိုက်ခံရ #စစ်သား #ရဲ #ပျူ #PDF #သတင်း #ပခုက္ကူသတင်း #မကွေးသတင်း #တိုက်ပွဲသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10