ကျောက်ကြီးနယ်က ရွာ ၃ ရွာကို စစ်တပ်မီးရှို့၊ စစ်ကြောင်းရန်ကြောက်လို့ ဒေသခံ ၂ သောင်းနီးပါး ထွက်ပြေးနေ

ကျောက်ကြီးနယ်က ရွာ ၃ ရွာကို စစ်တပ်မီးရှို့၊ စစ်ကြောင်းရန်ကြောက်လို့ ဒေသခံ ၂ သောင်းနီးပါး ထွက်ပြေးနေ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် နေအိမ်ပျက်စီးမှုတွေရှိပြီး ဒေသခံ ၁၈၀၀၀ ကျော် ထွက်ပြေးနေကြရတယ်လို့ မတ် ၂၄ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ 

ကျောက်ကြီးမြို့နယ်၊ ကျွန်းတောကျေးရွာနဲ့ စဝင်ကျေးရွာက နေအိမ်တွေကို မတ် ၁၄ ရက်မှာ စစ်ကောင်စီတပ်သား ၁၀၀ လောက်က တရက်တည်းမီးရှို့ခဲ့ပြီး မတ်လ ၂၀ ရက်မှာ ရေလဲကရင် ကျေးရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့ပါတယ်။

စဝင်ကျေးရွာက နေအိမ် ၃၅ လုံးနဲ့ ကျွန်းတောကျေးရွာက နေအိမ် ၇ လုံး စုစုပေါင်း ၄၂ လုံးမီးလောင် ပျက်စီးခဲ့ပြီး ရေလဲကရင်ကျေးရွာက ပျက်စီးဆုံးရှုံးမှု အခြေနေကိုတော့ မသိရှိရသေးပါဘူး။ 

"စစ်ကောင်စီစစ်ကြောင်းက ဒီနေ့(မတ် ၂၅)ထိ ရေလဲကရင်ကျေးရွာတဝိုက်မှာ ရှိနေသေးတယ်။ စစ်ကြောင်းဝင်ရွာမီးရှို့တော့ ဒေသခံတွေလည်းထွက်ပြေးရတယ်။ အချို့ရွာတွေကတော့ ခုထိ ရွာမပြန်ရသေးဘူး"လို့ စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောပါတယ်။

အဆိုပါစစ်ကြောင်း ကျောက်ကြီးနယ်ထဲကိုစဝင်တဲ့ မတ် ၁၄ ရက်ကတည်းက ရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။  

တံခွန်တိုင်၊ ရေတွင်းကုန်းလေး၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ ငနွားဆိပ်၊ အညာစု၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရေလဲ (ကရင်)၊ ရေလဲ(ဗမာ)၊ ရေလဲ (အနောက်)၊ မရမ်းစိန်ကြီး၊ မရမ်းစိန်လေး၊ ရွာကြီးအင်း၊ ကျွန်းကုန်း၊ တောင်စု (ရှေ့)၊ တောင်စု (နောက်)၊ တမာခေါ၊ ထွနီကုန်း၊ ဒုံးတို၊ လက်တက်ကြီး (ကရင်)၊ လက်တက်ကြီး (ဗမာ)၊  သင်္ကန်းဝင်း၊ ဝက်တူး (နောက်)၊ ကျေးပင်ပေါက်ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။  

ထွက်ပြေးနေရတဲ့ ဒေသခံအများစုဟာ လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးတာကြောင့် သူတို့တွေ အတွက် အစားအသောက်၊ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတဦးက ပြောပါတယ်။

ဒါ့အပြင် ပဲခူးအရှေ့ခြမ်းရှိ စစ်ကောင်စီတပ်ရင်းတွေနဲ့ ကျေးရွာတွေမှာ အထိုင်ချ တပ်စွဲနေတဲ့စစ်ကောင်စီအဖွဲ့တွေက တိုက်ပွဲမဖြစ်ဘဲ မကြာခဏလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ 

မတ် ၈ ရက်ကလည်း ကွင်းချောင်းဝရွာမှာတပ်စွဲထားတဲ့ ခမရ ၄၃၉ မှစစ်ကောင်စီအဖွဲ့တွေက ကျောက်ကြီးမြို့နယ်၊ အုန်းပင်စု၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ ရေလဲ၊ အညာစုကျေးရွာတွေဘက်ကို လက်နက်ကြီး ၉ လုံးပစ်ခတ်ခဲ့ရာ ရေလဲကျေးရွာထဲကို ၂ လုံးကျရောက်ပေါက်ကွဲပြီး ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့ #စစ်ဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10