ကျောက်ကြီးမြို့နယ်က စစ်ရှောင် ၁၀၀၀၀ ကျော်အတွက် ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေ

ကျောက်ကြီးမြို့နယ်က စစ်ရှောင် ၁၀၀၀၀ ကျော်အတွက် ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံ ၁၀၀၀၀ ကျော်ရှိနေပြီး သူတို့အတွက် ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီထံက သိရပါတယ်။

ဇူလိုင်လဆန်းပိုင်းကတည်းက ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

"စစ်ရှောင်တွေက ပြေးနေရတာလည်း ကြာပြီ၊ အလုပ်အကိုင်လည်း မလုပ်နိုင်ဆိုတော့ ရိက္ခာလိုသလို ရာသီရောဂါတွေလည်း ဖြစ်နေတော့ ဆေးဝါးလိုအပ်ချက်လည်း ရှိနေတယ်။ ပြီးတော့ မိုးတွင်းဆိုတော့ အမိုးအကာ မလုံလောက်တာလည်းရှိတယ်" လို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

မိုးတွင်းကာလဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးမကောင်းသလို စစ်ကောင်စီတပ်တွေကြောင့် စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေအတွက်လည်း ထိရောက်စွာ မထောက်ပံ့နိုင်တာတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးလွတ်တဲ့ နီးစပ်ရာ ကျေးရွာတွေနဲ့ ဥယျာဥ်ခြံ၊ တောတောင်တွေထဲမှာ ဖြစ်သလို နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေထဲက ၃၀ ရာခိုင်နှုန်းခန့်ဟာ ရာသီတုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ငှက်ဖျားရောဂါတွေဖြစ်နေတယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက အင်းပရိ၊ ကျောင်းကုန်း၊ ရေတွင်းကုန်း၊ ကန်ကလေး၊ ဝါချဲ၊ ပိန်းဇလုပ်ရွာမ၊ ပေါက်ကုန်း၊ ခင်ကန့်လန့်၊ ကညင်ကျိုး၊ ငဖယ်အင်း၊ ဘုရားငုတ်တို၊ တောင်ခင်၊ ကြိတ်ကွင်း၊ အလှိုင်၊ နွားရေချောင်း၊ သူဌေးကုန်း၊ ဘာဘူကုန်း၊ သာယာကုန်း၊ ဇီးကုန်း၊ ချွဲသလဲ၊ ဘောဒီကွင်းရွာတွေအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံ ၁၀၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ KNU ဗဟို ထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ကျောက်ကြီး #စစ်ရှောင် #ရိက္ခာ #ကျန်းမာရေး #ဆေးဝါး #ထောက်ပို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10